စစ်အုပ်စု သူရဲဘောကြောင်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ဖမ်းဆီးထားသော နေရာကို မဖော်ပြရဲဟုဆို

ဓာတ်ပုံ-All In One Piece Movement

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ဖမ်းဆီးထားသောနေရာကို တရားမဝင် မဖော်ပြရဲခြင်းသည် စစ်အုပ်စု၏ သူရဲဘောကြောင်မှုဖြစ်ကြောင်း AAPP တွဲဖက်အတွင်း ရေးမှူးဦးဘိုကြည်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မေလအနှစ်ချုပ်အစီရင်ခံစာကို ယနေ့(ဇွန်၃ရက်)ထုတ်ပြန်စဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံကိန်းဆိုတာ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ အပြစ်မဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ စာသင်ကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်၊ ဖျက်ဆီးဖို့နဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ လုပ်ဆောင်နေတဲ့ စီမံကိန်းပဲဖြစ်တယ်ဆိုတာ ဒီလ(မေလ) လစဉ်ထုတ်အချက်အလက်တွေက မီးမောင်းထိုးပြနေ ပါတယ်”ဟု ဦးဘိုကြည်က ပြောသည်။

စစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တစ်လအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူ စုစုပေါင်း ၄၉ဦး သေဆုံးခဲ့ကြောင်းယင်းအရေအတွက်သည် AAPPက လက်လှမ်းမီသမျှကောက်ယူ ရရှိထားသည့် အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထား ခြင်း ဖြစ်ကာ မြေပြင်တွင် ဖြစ်ပွား နေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်းနှင့် အတည်ပြုရန်လို အပ်နေ သည့် တလအတွင်း သေဆုံးခဲ့သူ ၇၃ ဦး ဝန်းကျင်ကိုလည်း သီးခြားကောက် ယူထားပြီး အတည်ပြုနိုင် ရန် လုပ်ဆောင်လျက်ရှိကြောင်း AAPPက ထုတ်ပြန်သည်။

သေဆုံးခဲ့သူ ၄၉ဦးထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ ၃ ဦး ပါဝင်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မေလ အတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၇ ဦးရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ယုံကြည်စိတ်ချရသည့် အထောက်အထားပြရန် တောင်းဆိုသော Proof Of Life ကို ကိုထိန်လင်း ဦးဆောင်ကာ ဧပြီ၂၁ရက်က စတင်ခဲ့ပြီး နိုင်ငံတ ကာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း စစ်အုပ်စု အစိုးရတုက တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိပေ။

=