ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ် ရမ်းပစ်သည့် လက်နက်ကြီး ထိမှန်ကာ အမျိုးသမီး၂ဦးအပါအဝင် ပြည်သူ၃ဦးသေဆုံးခဲ့ကြောင်း ကေအံန်ယူဗဟိုက သတင်းထုတ် ပြန်သည်။
မေလ၃၀ရက်တွင် ခမရ၂၆၄တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ဝေဒေါခို(အင်တိုင်းကုန်း)ကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စောတိုးလေးကြီး (၄၇)နှစ်၊ နော်ကွမ်းယာ (၄၅) နှစ် နှင့် နော်အယ်ကလူဖော (၉)နှစ် တို့ ၃ ဦး သေဆုံးခဲ့ပြီးအသက်၁၈နှစ်အရွယ် ရှိ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“လက်ရှိမှာ ကျောက်ကြီးကို စစ်ကြောင်းထိုးနေလို့ လက်နက်ကြီး ရမ်းပစ်ပြီး လမ်းကြောင်းရှင်းတာ မျိုး လုပ်နေတာ။သေဆုံးသွားတာက မိသားစုလို့ ကြားရတယ်”ဟု ညောင်လေးပင်ခရိုင်အခြေစိုက် PDF သတင်းရင်းမြစ်က MPAသို့ပြောသည်။
မေလ၂၆ရက်ကလည်း ခလရ၂၆၄တပ်ရင်းမှ ၁၅၅မမ ဟောင်ဝှစ်ဇာအမြောက် ၂လုံး ပစ်ခတ်ခဲ့ရာ ကျောက်ကြီး(လယ်ဒို)မြို့နယ်၊ကျွန်းကြီးကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသေး သည်။
ကျောက်ကြီးမြို့နယ်အတွင်းသို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဥ်များဖြင့်ပါ နေ့စဥ်နေ့တိုင်း အပြစ်မဲ့အရပ်သား ပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်လျက်ရှိသောကြောင့် ဒေသခံများ စိုးရိမ် ကြောက်ရွံ့မှုများစွာဖြင့် နေထိုင်နေ ကြရကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
ခလရ ၂၆၄တပ်ရင်းသည် ပိန်းဇလုပ်မြို့တွင် အခြေစိုက်သည်။
