Reuters
အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုများ ပြင်းထန်နေသည့် အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့အကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ဇွန်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယခု သဘောတူညီချက်ကြောင့် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲကြီးတစ်ခုလုံးကိုလည်း အဆုံးသတ်နိုင်မည့် ပိုမိုကျယ်ပြန့်သော စာချုပ်တစ်ရပ် ပေါ်ပေါက်လာရေး မျှော်လင့်ချက်များ ပိုမိုအားကောင်းလာခဲ့သည်။
ဝါရှင်တန်ဒီစီတွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ ယခု အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ဘက်က တိုက်ခိုက်မှုများ လုံးဝရပ်တန့်ရန် ဆိုထားသည်။
ထို့ပြင် လက်ဘနွန်တောင်ပိုင်း လီတာနီ (Litani) ကဏ္ဍခွဲအတွင်းရှိ ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် လှုပ်ရှားသူများအားလုံး ဆုတ်ခွာပေးရန်ဟူသည့် အချက်များပေါ်တွင် အခြေခံထားသည်။
အစ္စရေး-လက်ဘနွန် နှစ်ဖက်စလုံးသည် ပြီးခဲ့သည့် မေလကလည်း အပစ်ရပ်စဲရန် သဘောတူခဲ့ကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။
အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့် မတ်လအတွင်းက အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည့် ဟစ်ဇ်ဘိုလာအဖွဲ့ကို နှိမ်နင်းရန် လက်ဘနွန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာရန် နာရီပိုင်းအလိုတွင် အီရန်နိုင်ငံက ကူဝိတ်နိုင်ငံရှိ အဆောက်အအုံများနှင့် သံတမန်ရေးရာရုံးများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ် ပျက်စီးကာ လေကြောင်းလိုင်းများ ယာယီရပ်ဆိုင်းခဲ့ရပြီး လူတစ်ဦး သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ယင်းတိုက်ခိုက်မှုကို မိမိတို့ ပြုလုပ်ခြင်းမဟုတ်ဘဲ အမေရိကန်၏ ကြားဖြတ်ဒုံးကျည်များ လွဲချော်မှုကြောင့် ပျက်စီးရခြင်းဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က ဆင်ခြေပေးခဲ့သော်လည်း၊ အမေရိကန်စစ်တပ်ကမူ ဒါဟာ မဟုတ်မှန်ဘဲ အီရန်က လေဆိပ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ထို့ပြင် အီရန်နိုင်ငံသည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ပဉ္စမရေတပ်စုဌာနချုပ်နှင့် အမေရိကန် လေတပ်စခန်းများကိုပါ ဘလစ်စတစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု အီရန်မီဒီယာများက ဖော်ပြခဲ့သော်လည်း၊ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ ၎င်းတို့စခန်းများ ထိမှန်ခြင်းမရှိဘဲ အီရန်ဒုံးကျည်များ လွဲချော်ခဲ့ကြောင်း ငြင်းဆိုသည်။
အမေရိကန်စစ်တပ်သည် အီရန်တောင်ပိုင်းရှိ ဒုံးကျည်ပစ်လွှတ်ကွင်းများနှင့် ရေမိုင်းထောင်ရန် ကြိုးပမ်းနေသည့် အီရန်ရေယာဉ်များကို ကာကွယ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သလို၊ ဟော်မုဇ် (Hormuz) ရေလက်ကြားအနီးရှိ ကက်ရှ်မ် (Qeshm) ကျွန်းကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းက အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးများ စတင်ခဲ့ပြီးနောက်ပိုင်း၊ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး၏ ငါးပုံတစ်ပုံခန့် စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကြီး ပိတ်ဆို့နေရသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းသည် ၂ ရာခိုင်နှုန်းနီးပါး ထပ်မံမြင့်တက်သွားခဲ့သည်။
လက်ရှိတွင် အီရန်နိုင်ငံသည် အမေရိကန်နှင့် သဘောတူညီချက်ရရှိရန် လက်ဘနွန်တိုက်ပွဲများ ရပ်တန့်ရေးအပြင် ၎င်းတို့၏ ရေနံဝင်ငွေ ဘီလီယံပေါင်းများစွာကို ပြန်လည်ထုတ်ယူခွင့်ပေးရန်၊ ရေနံစိမ်းတင်ပို့မှုအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်နှင့် ဆိပ်ကမ်းများ ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန် တောင်းဆိုထားသည်။
ပြည်တွင်းလောင်စာဆီဈေးနှုန်း ချပေးရန် ဖိအားပေးခံနေရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်အနေဖြင့် နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးသည် ၎င်း၏ အဓိကဦးစားပေးဖြစ်ပြီး၊ လက်ရှိအီရန်ဘာသာရေးခေါင်းဆောင် ခါမေနီကိုယ်တိုင် ဆွေးနွေးပွဲများတွင် ပါဝင်နေကာ ယခုရုံးပိတ်ရက်အတွင်းမှာပင် အီရန်နှင့် ဆွေးနွေးမှုများ၌ ထူးခြားသည့် တိုးတက်မှုရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း အိမ်ဖြူတော် အိုဗယ်ရုံးခန်း၌ သတင်းထောက်များကို အရိပ်အမြွက် ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း သမ္မတထရမ့်နှင့် စစ်ရေးအရ နည်းဗျူဟာပိုင်း သဘောထားကွဲလွဲမှု အချို့ရှိသော်လည်း အီရန်ကိစ္စ အဓိကရည်မှန်းချက်တွင်မူ ထပ်တူရှိကြောင်း ပြောကြားထားသည်။
ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍကိုပါ ပြင်းထန်စွာ လှုပ်ခတ်နေသည့် ဤအရှေ့အလယ်ပိုင်း စစ်မီးကြီးသည် အစ္စရေး-လက်ဘနွန် အပစ်ရပ်စဲရေးမှတစ်ဆင့် အီရန်-အမေရိကန် စစ်ပွဲကြီးတစ်ခုလုံးကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးလမ်းစဆီသို့ ဦးတည်သွားနိုင်မလားဆိုသည်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်လျက်ရှိသည်။
