မကွေးတိုင်းစစ်ဌာန တိုက်ပွဲများတွင် စစ်သား ၃၀ကျော် သေဆုံး၊ဗိုလ်မှူးနှင့် ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦးနှင့် လက်နက်များ ရမိ

မေလ နှင့် ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှု အောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးတွင် တိုက်ပွဲကြီးငယ်ပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား ၃၁ဦး သေဆုံးကာ ၅၂ ဦး ဒဏ်ရာ ရရှိပြီး ဗိုလ်မှူးတစ် ဦး နှင့် ဗိုလ်ကြီး တစ်ဦး အပါအဝင် သုံ့ပန်း ၁၈ဦး ရမိခဲ့ကြောင်း သိရ သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေး အခြေအနေများကို ယနေ့(ဇွန်၄ရက်)ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။

ဇွန်လ ၃ ရက်နေ့တွင် မင်းတုန်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် ရန်သူ့စစ်ကြောင်း နှင့် သရက်ခ ရိုင်တပ်ရင်း ၄ တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ သုံ့ပန်း ၁၅ ဦးနှင့် သေနတ်တစ်လက် ရမိခဲ့ကြောင်း မေလ စတုတ္ထပတ်အတွင်း ပုံတောင် တောင်ကြောမှတစ်ဆင့် ဂန့်ဂေါခရိုင် အတွင်း ဝင်ရောက်လာ သော အင်အား ၁,၀၀၀ခန့်ရှိ ရန်သူ့ စစ်ကြောင်းနှင့် ယာယီထိုင်စခန်းများအား ကြားဖြတ်တိုက်ခိုက် မှုများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်သည်။

မေလ စတုတ္ထပတ်အတွင်းကလည်း သရက်ခရိုင်တပ်ရင်း ၃ က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ ၅၉၉ မှ ရန်သူ့စစ်ကြောင်းနှင့် ထိတွေ့မှုများဖြစ်ကာ ဗိုလ်မှူးအောင်ဖြိုးဝေ နှင့် ဗိုလ်ကြီး ပြည့်စုံ အောင် အပါအဝင် သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့ပြီး ပစ္စတို ၁၉လက်၊ ကျည်ဘောက် ၃၈ခုနှင့် ဖုန်း ၃လုံး သိမ်းဆည်းရမိခဲ့ကာ မေလ၂၉ ရက်တွင် နတ်မောက် ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်ကို စစ်ဆင်ရေးနယ်မြေတစ်နေရာ၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မေလ ၂၆ ရက်တွင် ဆိပ်ဖြူမြို့မှတစ်ဆင့် က.ပ.စ၂၁ သို့ အင်အားဖြည့်တင်းရန် ထွက်ခွာလာသည့် ရန်သူ့စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၂စီး ပျက်စီးခဲ့ကာ မေလ ၂၆ရက်ကလည်း ချောက်မြို့အခြေစိုက် ခလရ ၁၃ မှ က.ပ.စ ၂၁ ထွက်ခွာလာ သော ခဲယမ်းတင် ယာဉ် ၂စီးကိုလည်း ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်