ခင်ပွန်းကြောင့် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု လွယ်လွယ်ရခဲ့ဟု အပုပ်ချတိုက်ခိုက်ထားသော သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ခြင်းမှာ အမျိုးသားဖြစ်သူကြောင့်ဟု အပုပ်ချ တိုက်ခိုက်ထားသော သတင်းအမှား ဖေ့ဘွတ်ခ်နှင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

စစ်ကောင်စီ၏ အတုယောင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် ဗီဗီချမ်း(ခ) နန်းဆုသဇင်အောင် သည် သူ၏ ဆိုရှယ်မီဒီယာ အကောင့်တွင် နိုဘယ်ဆုကို ပေါပါလောလောပေး သောခေတ်တွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ် အကျယ်ချုပ်ကျနေချိန်တွင် အမျိုးသားဖြစ်သူက စာတမ်းတင်ပေးသောကြောင့်သာ ဆုကို ရခဲ့ခြင်းဖြစ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ပစားပေးခံရသည့် အရသာကို နှစ်သက်သွားသောကြောင့် နိုင်ငံရေး လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် >>> https://bitly.cx/HCR6

ထိုသို့ သတင်းအမှားဖြင့် အပုပ်ချတိုက်ခိုက်ထားသော အကြောင်းအရာကို “မှိုင်းဝေ၊ ဖိုးမောင်” အပါအဝင် အခြား စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော လင့်ခ်များ >>>

မှိုင်းဝေ – https://archive.ph/LnXze
ဖိုးမောင် – https://archive.ph/NthAC

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိသည်။

သတင်းစိစစ်ချက်

နိုဘယ်ဆု ရွေးချယ်ရေး အဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက် တွင် ရှာဖွေကြည့်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အဖြစ် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။ အကြမ်းမဖက်သော နည်းလမ်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ခြင်းကြောင့် နိုဘယ်ဆု ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပြီး စစ်အာဏာရှင်ကို အကြမ်းမဖက်သည့်နည်းဖြင့် ဆန့်ကျင်ခဲ့သည့် အတိုက်အခံခေါင်းဆောင်တစ်ဦး ဖြစ် ကြောင်း၊ သူမသည် မဟတ္တမဂန္ဓီ၏ လမ်းစဉ်ကို အတုယူကာ အကြမ်းဖက်မှု မှန်သမျှကို ဆန့်ကျင့်ခဲ့ပြီး နိုင်ငံ တွင်းရှိ တိုင်းရင်းသားလူမျိုးများ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်သည့် ဒီမိုကရေစီလူ့အဖွဲ့အ စည်းတစ်ခုကို တည်ထောင်ရန် ကြိုးပမ်းခဲ့သူ ဖြစ်ကြောင်း၊ ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ်ဖြင့် ဖြတ်သန်း ခဲ့ရသူ ဖြစ်ကြောင်း၊ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တစ်ကျော့ပြန် ဖမ်းဆီးခံခဲ့ရပြီး လုပ်ကြံဖန်တီးထားသော စွပ်စွဲချက်များဖြင့် နှစ်ရှည်ဖမ်းဆီးခံနေရကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/SRpwn

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ပြီး ဖြစ်သော်လည်း ၂၀၁၁ တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဇကာတင်စာရင်းတွင် ထပ်မံ လျာထားခြင်း ခံခဲ့ရသေးသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/nCMII

ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပြန်ရုပ်သိမ်းရေး တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့သော်လည်း ဆုရွေးချယ်ရေးအဖွဲ့က ဆုကို ပြန်လည် ရုပ်သိမ်းခြင်း မပြုနိုင်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/dzn4a

သုံးသပ်ချက်

သတင်းမီဒီယာများနှင့် နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သောကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ရခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။

ထို့ကြောင့် ဖေ့ဘွတ်ခ်နှင့် စစ်တပ်လော်ဘီတယ်လီဂရမ်တို့တွင် “ခင်ပွန်းဖြစ်သူကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည်က လွယ်လွယ်ရခဲ့ ဟု ဖြန့်ဝေနေမှုသည် အပုပ်ချတိုက်ခိုက်ထားသော သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza