၀ရမ်းထုတ်ခံထားရတဲ့ အတုအယောင် ပလ္လင်ထက်က ရာဇဝတ်ကောင်

By Cherry May / MPA (ဆောင်းပါး)

ဒီနေ့ ဧပြီလ ၃ ရက်နေ့ဟာ မြန်မာ့သမိုင်းမှာ အရှက်ရဖွယ်ရာ နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ တစ်သက်တာ အိပ်မက်ဖြစ်တဲ့ သမ္မတရာထူးကို သူကိုယ်တိုင် ဇာတ်ညွှန်းခွဲထားတဲ့ အမည်ခံလွှတ်တော်ကတစ်ဆင့် အတည်ပြု ရယူလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရာထူးဟာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတော်အကြီးအကဲ တစ်ယောက်ရဲ့ နေရာမဟုတ်ဘဲ သွေးစွန်းနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ခင်းကျင်းထားတဲ့ ‘ရာဇဝတ်ကောင်ရဲ့ ပလ္လင်’ သာ ဖြစ်တယ်လို့ ပြည်သူတွေက ရှုမြင်နေကြပါတယ်။

“သမ္မတရူး အိပ်မက်နဲ့ သွေးစွန်းခဲ့သော လမ်းကြောင်း”

မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်ဇောနဲ့ ၂၀၂၁ ခုနှစ်မှာ လူထုတင်မြှောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချခဲ့သူပါ။ တကယ်တော့ သူ့ရဲ့ သမ္မတအိပ်မက်ဟာ အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ခုနှစ်တွေအတွင်းမှာ ကာကွယ်ရေးဦးစီးချုပ် ရာထူးနဲ့ မသက်ဆိုင်တဲ့ ဘာသာရေး၊ လူမှုရေးအဖွဲ့တွေအပြင် သူတို့ကိုယ်တိုင် ရွံမုန်းပါတယ်ဆိုတဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေနဲ့ပါ လိုက်လံတွေ့ဆုံပြီး မဲဆွယ်စည်းရုံးခဲ့တာဟာ သမ္မတဖြစ်ဖို့ ခြေလှမ်းပြင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချပြီး အာဏာသိမ်းခဲ့တာဟာလည်း သူ့ရဲ့ အသက် ၆၅ နှစ်ပြည့် အငြိမ်းစားယူရမယ့်အချိန်မှာ ရာထူးလက်လွှတ်ရမှာကို ကြောက်ရွံ့ပြီး သမ္မတကုလားထိုင်ကို အဓမ္မလုယူဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

“စစ်ရာဇဝတ်ကောင်အဖြစ် ကမ္ဘာက သတ်မှတ်ချက်”

မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်ဖို့ ပြင်ဆင်နေတဲ့ ဧပြီလ ၂ ရက်နေ့မှာတင် ရခိုင်ပြည်နယ်၊ ငပလီမြို့မှာ မိသားစုတစ်စုလုံးကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ သူ့ရဲ့ သမ္မတခရီးလမ်းဟာ ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်သလဲဆိုတာကို သက်သေပြနေပါတယ်။

ဗြိတိန်အစိုးရကလည်း စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှု အပြည့်အစုံကို မှတ်တမ်းတင်ထားပြီးပြီလို့ ကြေညာထားသလို၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း မင်းအောင်လှိုင် သမ္မတဖြစ်လာရုံနဲ့ သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား သတိပေးထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ၂၀၂၅ခုနှစ်မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကလည်း စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ စိစစ်နေဆဲကာလမှာ အာဂျင်တီးနား တရားရုံးက အခုလို ဖမ်းဝရမ်းထုတ်လာတာပါ။

ဒါကြောင့် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတမဟုတ်ဘဲ ကမ္ဘာက အလိုရှိနေတဲ့ ‘စစ်ရာဇဝတ်ကောင်’ သာ ဖြစ်ပါတယ်။

“ပြည်သူ့ဘဝ ပြာပုံကြားက အတုအယောင် သမ္မတ”

မြေပြင်မှာ ပြည်သူတွေက စားဝတ်နေရေး ကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စက်သုံးဆီရဖို့ နေပူထဲမှာ တန်းစီနေရတဲ့ ဘဝဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မင်းအောင်လှိုင်ကတော့ အဆောင်အယောင်တွေနဲ့ သမ္မတလုပ်ဖို့ ပြင်ဆင်နေတာပါ။

ရန်ကုန်နဲ့ မော်လမြိုင်မြို့ခံ ပြည်သူတွေကတော့ “မင်းအောင်လှိုင် သမ္မတဖြစ်တာက လမ်းထိပ်မှာ ခွေးနှစ်ကောင်ကိုက်တာလောက်တောင် စိတ်ဝင်စားစရာ မရှိဘူး” လို့ လှောင်ပြောင်ဝေဖန်နေကြပါတယ်။

တရုတ်နိုင်ငံကတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားဖြစ်တဲ့ ‘Belt and Road’ စီမံကိန်းတွေအတွက် စစ်အစိုးရသစ်ကို အစောဆုံး ထောက်ခံခဲ့ပေမဲ့ ပြည်တွင်းပြည်ပက တော်လှန်ရေးအင်အားစုတွေကတော့ ဒီအတုအယောင်အစိုးရကို လုံးဝအသိအမှတ်ပြုမှာ မဟုတ်ပါဘူး။

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ ယုံကြည်မှုနဲ့ တပ်ချုပ်ရာထူးကို ကံကောင်းထောက်မစွာ ရရှိခဲ့တဲ့ မင်းအောင်လှိုင်ဟာ အာဏာရူးမှုကြောင့် တိုင်းပြည်ကို ချောက်ထဲတွန်းချခဲ့သူ ဖြစ်ပါတယ်။

ဒီနေ့မှာ သူရရှိလိုက်တဲ့ သမ္မတရာထူးဟာ သူ့ရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ပေးနိုင်မှာ မဟုတ်သလို၊ နိဂုံးမလှတဲ့ အာဏာရှင် ဇာတ်သိမ်းခန်းဆီကိုသာ ဦးတည်သွားမှာ ဖြစ်ပါတယ်။ ပြည်သူ့သွေးနဲ့ ရင်းထားတဲ့ ဒီသမ္မတခရီးလမ်းဟာ မကြာခင်မှာပဲ တရားမျှတမှုရဲ့ စီရင်ချက်ကို ရင်ဆိုင်ရတော့မှာ အသေအချာပဲဖြစ်ပါတယ်။

စာတည်း-ကိုဆန်း