အတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်းဆယ်ချီတောင်းခံ

မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ စစ်ကော်မရှင်က ငွေကျပ် သိန်းဆယ်ချီ တောင်းခံမှုများ ရှိနေကြောင်း မြို့ခံလုပ်ငန်းရှင်အချို့က ပြောသည်။

အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် နှစ်စဉ်နှစ်တိုင်း စစ်ကော်မရှင်က စီးပွားရေးလုပ်ငန်းရှင်များထံ စေတနာရှိသလောက် ထည့်ဝင်ကြရန် အလှူခံလေ့ရှိသော်လည်း၊ ယခုနှစ်အတွက် လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ငွေကျပ် ၂ သိန်းမှ ၁၀ သိန်းကျော်အထိ အတင်းအကျပ် တောင်းခံမှုများ ရှိနေခြင်းဖြစ်သည်။

“ဒီနှစ်သင်္ကြန် စည်းစည်းကားကား ကျင်းပရမယ်တဲ့။ အဲဒီတော့ လုပ်ငန်းရှင်တွေ နိုင်သလောက် ထည့်ပေးရမယ်။ စေတနာရှိသလောက်လားဆိုတော့ မဟုတ်ဘူး၊ လုပ်ငန်းကြီးရင် ဆယ်သိန်းလောက် ထည့်ပေးရမယ်ဆိုတော့ အခုလို ကျပ်တည်းနေတဲ့ကာလကျတော့ အဆင်မပြေဘူးပေါ့ဗျာ” ဟု မော်လမြိုင်မြို့ရှိ ကုန်မာဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက MPA ကို ပြောသည်။

ငွေကြေးတောင်းခံမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လိုက်လံအသိပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် မြန်မာရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြီးပါက တရားဝင် ပြောဆိုသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကော်မရှင်နှင့် နီးစပ်သူထံမှ သိရသည်။

ထို့အပြင် မြို့နယ်အသီးသီးရှိ ဗဟိုမဏ္ဍပ်များ ဆောက်လုပ်ရန်၊ ဆုကြေး၊ သက်ကြီးပူဇော်ပွဲနှင့် စတုဒီသာ ကျွေးမွေးနိုင်ရေးတို့အတွက်လည်း အလှူငွေများ တောင်းခံနေကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။

“ပုံမှန်ပါပဲ နှစ်တိုင်းထည့်ရတယ်။ မနှစ်က သုံးသိန်းထည့်တယ်။ ဒီနှစ်တော့ ဘယ်လောက်ထည့်ရမလဲဆိုတာ မသိသေးဘူး။ ခရိုင်အစည်းအဝေးပြီးရင်တော့ ဘယ်လောက်လဲဆိုတာ ပြောမယ်ထင်တယ်။ ကြားနေရတာတော့ လုပ်ငန်းရှင်ဆို အနည်းဆုံး ၁၀ သိန်းထည့်ရမယ်တဲ့” ဟု ၎င်းက ဆိုသည်။

အလားတူ တနိုင်တပိုင် လုပ်ငန်းရှင်များနှင့် ပြည်သူများထံမှလည်း စေတနာရှိသလောက် ထည့်ဝင်ပေးကြရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက လိုက်လံပြောဆိုထားသည်။

လက်ရှိ နိုင်ငံအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသည့်အပြင် စီးပွားရေး အကြပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများနှင့် ကြုံတွေ့နေရချိန်တွင် ငွေကြေးကောက်ခံနေမှုမှာ ပြည်သူများကို အကျပ်ရိုက်စေကြောင်း မော်လမြိုင်မြို့ခံ စတီးသံပန်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဒီအချိန် လူတိုင်းက ခက်ခဲနေတာ။ ကျွန်တော်ဆို အလုပ်ပုံမှန်ရှိနေတဲ့သူ၊ ကိုယ်ပိုင်အလုပ်တောင်မှ အခုလို စက်သုံးဆီဝယ်မရတာ၊ မီးမမှန်တာနဲ့ အလုပ်မတွင်ဘူးလေ။ တစ်နှစ်တစ်ခါ တောင်းတာဆိုပေမဲ့ အခုက ကျပ်တည်းနေတဲ့ကာလဆိုတော့ မဖြစ်သင့်ဘူးထင်တယ်။ ပြည်သူတွေအတွက် ဒုက္ခဝန်ထုတ်ဝန်ပိုး ဖြစ်စေတာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ အရှေ့အလယ်ပိုင်း အရေးကြောင့် စက်သုံးဆီ ပြတ်လပ်မှုများ ရှိနေသော်လည်း ယခုနှစ်ကျရောက်မည့် သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်း လမ်းလျှောက်သင်္ကြန်ကို မဖြစ်မနေ ထည့်သွင်းကျင်းပရန် သမ္မတအဖြစ် အမည်ခံထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားသည်။

မွန်ပြည်နယ်တွင် စက်သုံးဆီများ ချွေတာနိုင်ရေးအတွက် ကား၊ ဆိုင်ကယ်များဖြင့် သင်္ကြန်လည်ပတ်ခြင်းထက် အဆိုတော်၊ သရုပ်ဆောင်များကို ငှားရမ်းကာ သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပရန် စီစဉ်ထားသည်။

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုနှစ်သင်္ကြန်ကို နိုင်ငံတကာအမြင်တွင် ယခင်နှစ်များထက် ပိုမိုစည်းကားကြောင်း ပြသနိုင်ရန်အတွက် ပြည်သူလူထုကို မလာမနေရစနစ်ဖြင့် အတင်းအကျပ် ဖိအားပေးလာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ထောက်ပြပြောဆိုထားကြသည်။

စာတည်း-ကိုဆန်း
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ယမန်နှစ်က မော်လမြိုင်မြို့ရှိ ဗဟိုမဏ္ဍပ်ဆောက်လုပ်နေစဉ်