မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းကို ရိက္ခာပို့ရန် လမ်းကြောင်းရှင်းသည့်အနေဖြင့် စစ်တပ်က ဗုံးအလုံး ၃၀ ကျော်ကြဲချခဲ့ကြောင်း သိရသည်။
ယနေ့ ( စက်တင်ဘာ ၂၂ရက် ) နံနက် ၉နာရီ မိနစ် ၂၀ခန့်မှစ၍ ၉နာရီ မိနစ် ၅၀ ကျော်အထိ ပေါက်မြို့နယ် အနောက်ခြမ်း၊ ပုံတောင် တောင်ကြောအစပ်ကို စစ်တပ်က Y 12 လေယာဉ်ဖြင့် ဗုံး ၃၁ လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ကပစ ၂၄နဲ့လည်း နီးတယ်။ ကပစကနေ ဇီးပြားနဲ့ သရော်ကိုင်းပျူရွာဘက် ရိက္ခာပို့ဖို့ လမ်းကြောင်း လည်းဖြစ်တယ်။ အဲဒီလမ်းကြောင်းကို ရှေ့မတိုးရဲလို့ လေကြောင်းလာပစ်ပြီး လမ်းကြောင်းရှင်းတာပါ ” ဟု ၎င်းက MPA ကို ပြောသည်။
စစ်တပ်က ၉၀ မမနှင့် ၁၂၀မမ ဗုံးသီးများ ကြဲချခဲ့ခြင်းဖြစ်ပြီး ဗုံးကြဲချသည့် နေရာတွင် ကျေးရွာများ မရှိသောကြောင့် ပြည်သူထိခိုက်မှုလည်း မရှိပေ။
” ဇီးပြားနဲ့ သရော်ကိုင်းပျူရွာ ရိက္ခာပြတ်လပ်မှုက တော်တော်အခြေအနေဆိုးနေတယ်။ အရင်တစ်ခါ ကားတန်းအစီး ၁၀၀ နဲ့ ရိက္ခာလာပို့တုန်းက ဆန်တွေပဲ ခွဲပေးတာ။ ဆား၊ ငါးပိ၊ ဟင်းချိုမှုန့်တွေ ဝေပေးထားခြင်းမရှိတော့ ပျူတွေ တော်တော်အခက်တွေ့နေတယ် ” ဟု ၎င်းကဆက်လက် ပြောသည်။
ပေါက်မြို့နယ်နှင့် ထီးလင်းနယ်အစပ်ရှိ တောင်ကြောကို စစ်တပ်က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး စစ်ရေးတင်းမာနေကြောင်း သိရသည်။
ပေါက်မြို့နယ် အခြေစိုက် ကပစ ၂၄ မှ စစ်သား အင်အား ၇၀ခန့်တို့သည် ကပစ လုံခြုံရေးအတွက် နေ့စဉ် ကင်းပတ်ထွက်လေ့ရှိကြောင်းလည်း သိရသည်။
