စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်တွင် သန်းခေါင်ကျော်အချိန်၌ စစ်ဘေးရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းအနီးကို စစ်တပ်ကြဲချသည့် ဗုံး ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ရှောင် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(စက်တာဘာ ၂၂ရက်) နံနက် ၁ နာရီ ၂၄ မိနစ်နှင့် ၁ နာရီ ၂၉ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ် အနောက်တောင်ခြမ်းရှိ ကျီစုရွာမှ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ တစ်စင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးသွားသည့် အမျိုးသမီးမှာ အသက်၅၅နှစ် ဖြစ်ကြောင်း People’s Defense Comrade ထံက သိရသည်။
“MiG-29 ဂျက်ဖိုက်တာက အသုံးပြုအများဆုံးက ပေါင် ၅၀၀ ပဲ အသုံးပြုတာများပါတယ်။ကျီစုရွာကိုတော့ ၂လုံးကြဲတယ်လို့သိရတယ်ဗျ။ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းက ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်းပါပဲ။ကပ်လျက်မဟုတ်ဘူး။စာသင်ကျောင်းကတော့ ညပိုင်းလူမရှိလောက်ဘူးဗျ။ဘုန်းကြီးကျောင်းမှာပဲ စစ်ရှောင်တွေနေကြတယ်လို့သိရတယ်”ဟု People’s Defense Comrade မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်တပ်ကြဲချခဲ့သည့် ဗုံးများသည် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း တည့်တည့်သို့ မကျဘဲ အနီးတွင်သာ ကျရောက်ပေါက်ကွဲခဲ့ရာ စာသင်ကျောင်း ၊ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူ ၁၇ဦးအနက် ၅ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
” ဆေးကုသမှုတွေခံယူနေကြပါတယ်။လူကြီး၊လူငယ်အစုံလို့သိထားရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ကျီစုရွာတွင် အိမ်ခြေ ၈၀၀ ခန့်ရှိပြီး ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ နေထိုင်ကြကြောင်း သိရသည်။
၂၀၂၂ခုနှစ်၊ဇူလိုင်တွင် ကျီစုရွာရှိ နေအိမ်၊ဘုန်းကြီးကျောင်းနှင့် ဗလီတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်လူငယ် ၁၀ ဦးနှင့် ဗုဒ္ဓဘာသာဝင် လူငယ် ၁၅ ဦးထက်မနည်းတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သဖြင့် ယခုအချိန်ထိ ရွာထဲ၌ ပြည်သူအချို့သာ ဆက်လက်နေထိုင်တော့ကြောင်း သိရသည်။
