မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်၌ အရက်၊ ဘီယာဘူးခွံများအပြင် ကွန်ဒုံများပါတွေ့ရှိကြောင်းသိရသည်။
စက်တင်ဘာ ၈ ရက်တွင် မလှိုင်မြို့နယ်ဘက်မှလာသည့် စစ်ကြောင်းသည် စက်တင်ဘာ ၉ ရက်၌ တောင်သာမြို့နယ်၊ ရုံစည်ကြီးရဲစခန်းထဲ ရှိ စစ်အုပ်စုဝင်များနှင့် ပေါင်းကာ ရုံစည်ကြီးရွာအပါအဝင် အနီးဝန်းကျင်ရှိရွာများသို့ စစ်ကြောင်းထိုးကာ မီးရှို့ခြင်းနှင့် ပစ္စည်းများလုယူခြင်းများကို ယနေ့ (စက်တင်ဘာ ၂၂ ရက်) အထိလုပ်ဆောင်နေကြောင်းသိရသည်။
” ရုံးစည်ကြီးနားက(အရက်ဘီယာဘူးခွံနှင့်ကွန်ဒုံ) တွေ့တာပါ။ သူတို့မသိအောင် မီးဝင်ငြှိမ်းရင်းတွေ့ကြတာလို့ ကြားတယ်။ အနီးနားတောရိုးတွေကလည်း တွေ့တယ်လို့ ပြောတယ်” ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် စက်တင်ဘာ ၁၁ ရက်က အမျိုးသမီး ၈ ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ကာယကံရှင်အမျိုးသမီးများ၏ ထုတ်ဖော်ပြောကြားချက်အရသိရပြီး ယင်းထပ်လည်းပိုများနိုင်ကြောင်း ၎င်းကဆိုသည်။
” မုဒိန်းကျင့်ခံရတဲ့ အရေအတွက်က များတယ်ဗျ။ အရေအတွက်များတော့ အတိအကျ ပြောလို့မရဘူးဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ၂၀ ရက်တွင် ယင်းစစ်ကြောင်းသည် ရေခါးရွာသို့ ဝင်ရောက်ပြီး ကုန်စုံဆိုင်တစ်ဆိုင်မှ ငွေသား ၁၅ သိန်းဝန်းကျင်၊ ဆန်အိတ်၊ အခြားစားသုံးကုန်ပစ္စည်းများနှင့် အမျိုးသမီးတစ်ဦးအားဖမ်းဆီး၍ နားတောင်း၊လက်စွပ်နှင့်အခြား ရွှေထည်ပစ္စည်းများ အဓမ္မချွတ်ယူသွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက သတင်းထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းသည် ရုံးစည်ကြီးရွာနှင့် သံဘိ ကျေးရွာမှ ပြည်သူများပိုင်သည့် ဆိုလာ၊ ဘတ္ထရီအိုး၊ ဒန်အိုး၊ ပန်းကန်နှင့် ကော်ပုံးများကို တောတွင်းနေရာများ၌ စွန့်ပစ်ခဲ့ကာ ဘတ္ထရီအိုးအချို့ အား ရိုက်ခွဲဖျက်ဆီးထားကြောင်းသိရသည်။
စက်တင်ဘာ ၂၀ ရက်က ရုံးစည်ကြီးနှင့် မလှိုင်သို့ ကူးနေသည့် ရဲနှစ်ဦး တိုက်မိုင်းထိခဲ့ပြီး သေသွားကြောင်းသိရသည်။
” မိုင်းဆွဲခံရတာ မဟုတ်ပါဘူး။ ဒီကောင်တွေခြေရှုပ်နေလို့ အဆင်သင့် တိုက်မိုင်းထောင်ထားတာပါ။ ထိမိလို့ပေါက်တာဖြစ်နိုင်တယ်။ ရုံးစည်ကြီးနဲ့ မလှိုင်ကြား ကူးသန်းနေတဲ့ကောင်တွေပါ။ မှော်ဘီရဲတပ်ရင်း ၅ က ရဲတွေ နှစ်ကောင် တိုက်ရိုက်ထိမှန်ပါတယ်။ သေနိုင်ပါတယ်။ သေတယ်လို့လည်း ကြားပါတယ်။ တခြား အစမှန်တဲ့ကောင်တွေလည်း ရှိနိုင်ပါတယ်။ အဓိက ထိမှန်တဲ့ နှစ်ကောင် အလောင်းကိုတော့ မလှိုင်ဘက် သယ်သွားပါတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်အုပ်စုဝင်များသည် လွန်ခဲ့သည့် ၃လဝန်းကျင်က ပါရာမော်တာဖြင့် ဗုံးကြဲသဖြင့် ပျက်စီးခဲ့သည့် ရုံစည်ကြီး-မလှိုင်လမ်းပေါ်ရှိ မီးကြိုးများကို ပြင်နေခြင်းဖြစ်ကြောင်းသိရသည်။
ရုံးစည်ကြီးတွင်တပ်စွဲထားသည့် စစ်ကြောင်း၌ မြင်းခြံ ပြည်သူ့စစ် သီတာယုမွန်အဖွဲ့နှင့် မှောဘီ ရဲတပ်ရင်း ၅အဖွဲ့တို့ ပါဝင်ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ရုံးစည်ကြီး၊ သံဘို၊ မြောက်ချိုင်းရပ်နှင့် သန်းတန်းနှင့် မြောက်တောရိုးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးထားကြောင်းသိရသည်။
ယင်းစစ်ကြောင်းကြောင့် ရုံစည်ကြီးရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၅၀၀၀ ကျော်နှင့် မလှိုင်နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
