မဲအစမ်းပေးရန် အတွက် စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက လူနေရပ်ကွက်များထဲထိ နေ့စဉ် ဆော်ဩမှုများ ပြုလုပ်နေသော်လည်း ရန်ကုန်မြို့ခံများက စိတ်ဝင်စားမှုမရှိကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့၌ စက်တင်ဘာလဆန်းပိုင်းကစပြီးတော့ မဲအစမ်းပေးရန် ညစဉ် ဆော်ဩမှုများကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ပြီး လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။
” ည ၈နာရီကျော်ဆို လော်စပီကာနဲ့ လိုက်အော်တယ်။ မဲပေးပုံတွေ လာလေ့လာဖို့ မဲဘယ်လိုပေးရမလဲ လာလုပ်ကြဖို့တွေ အော်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သည့် မြို့ခံတစ်ဦးက ပြောသည်။
ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု၌ လုပ်သက်ဆယ်နှစ်ကျော်ရှိ လုပ်သက်ရင့် ဝန်ထမ်းတစ်ဦးက စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အလွန် ကာလများအတွက် စောင့်ကြည့်ချင်သော်လည်း ရွေးကောက်ပွဲ မဲပေးရန်ကိုမူ စိတ်ဝင်စားခြင်း မရှိကြောင်း MPA ကို ပြောသည်။
” သူ့ဘာသာ လုပ်ချင်တာလုပ်လေ။ မဲ မပေးလို့ ဖမ်းမယ်ဆိုရင်တော့ ပေးရမှာပေါ့။ ဒီ ရွေးကောက်ပွဲက မျှော်လင့်စရာ သိပ်မရှိပါဘူး။ ဒါပေမဲ့ election အလွန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ ” ဟု ၄င်းက ဆိုသည်။
စစ်ကော်မရှင်က အီလက်ထရောနစ် မဲပေးစနစ်ဟူသည့် မဲရုံထဲရောက်ပါက မဲမပေး မနေရ စနစ်ကို အသုံးပြုရန် ကြေညာထားပြီး ကိုယ်ပိုင် ဆန္ဒအရ မဲမပေးလိုသူများကိုလည်း ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်နိုင်ရန် တင်းကျပ်မှုများ ပြုလုပ်ထားသည်။
” မဲ ရုံထဲမှာ ပြိုင်တဲ့ ပါတီအလိုက် ခလုတ်တွေ ရှိမယ်။ မနှိပ်လို့ မရဘူး။ ခလုတ်နှိပ် ပြန်ထွက်လာပဲ။ ဒီတော့ တစ်ခုခုတော့ မဲပေးလိုက်ရမယ့် ပုံစံပေါ့။ မနှိပ်ရင် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနဲ့ စွဲမယ်ပေါ့” ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ပြုလုပ်ပုံအား လေ့လာစောင့်ကြည့်နေသည့် နိုင်ငံရေး သိပ္ပံကျောင်းသား တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်း ကာလတစ်လျှောက် ဆင်းရဲ နွမ်းပါးမှု နွံထဲ နစ်နေသည့် လူထုသည် ရွေးကောက်ပွဲ မဲ အစမ်းပေးရန်အတွက် ဂရုပြုနိုင်ခြင်း မရှိဘဲ စားဝတ်နေရေး အတွက် အဓိကထား စဥ်းစားနေရသည်ဟု သိရသည်။
” တစ်ရက် တစ်ရက် မိုးလင်းက မိုးချုပ် အလုပ်လုပ်နေရတာ ၊ ညဆို ၉နာရီလောက်ဆို အိပ်ပြီ။ ပိတ်ရက်တွေလည်း အိုတီ ဆင်းရသေးတယ်။ အဲ့ဒါတွေ လုပ်ဖို့ ကျမ မအားသေးပါဘူး။ ည ည တော့ လာလာ အော်နေတာတွေ ကြားတယ်။ ကျမ အမျိုးသားကတော့ သွား နားထောင်ပြီး လာပြောပြလို့ သိပါတယ်” ဟု စစ်ကော်မရှင် ဆော်သြမှုနှင့် ပတ်သတ်ပြီး သာကေတမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားပြီးနောက် စစ်မှုထမ်း ဥပဒေဖြင့် စုဆောင်းထားသည့် အင်အားများ အသုံးပြုကာ ၎င်းတို့ လက်လွှတ်ခဲ့ရသည့် နယ်မြေများ၌ ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ထိုးစစ်များပိုမို ပြုလုပ်လျက်ရှိသည်။
တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်ကော်မရှင် ထိုးစစ် ပြုလုပ်လာချိန်တွင် ယခင် သိမ်းပိုက်ထားနိုင်သော နယ်မြေ အချို့ ပြန်လည် လက်လွှတ်လိုက်ရသည်များ ရှိလာသည်။
အထူးသဖြင့် စစ်ကော်မရှင်သည် ရွေးကောက်ပွဲ မပြုလုပ်မည့် မြို့နယ်များထဲ မထည့်ထားသည့် တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးထားဆဲ နယ်မြေများသို့ ထိုးစစ်များ ပိုမိုပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။
အလားတူ စစ်ကော်မရှင်သည် ၄င်းတို့ စိုးမိုးထားနိုင်သည့် မြို့ကြီးများတွင်မူ ရွေးကောက်ပွဲအတွက် အကောင်အထည်ဖော်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။
