စစ်ကော်မရှင် ဝယ်သော ရုရှားရဟတ်ယာဉ် ၃ စင်း နေပြည်တော်လေတပ်သို့ ရောက်ရှိ

ဓာတ်ပုံ-MDSI

စစ်ကော်မရှင်က ဝယ်ယူလိုက်သော ရုရှားနိုင်ငံလုပ် ခေတ်မီ Mi-38 သယ်ယူပို့ဆောင်ရေးရဟတ် ယာဉ် ၃စင်း ယခုလအတွင်း နေပြည်တော်လေတပ်စခန်းသို့ ရောက်ရှိလာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်သည်။

ယခု ဝယ်ယူဖြည့်တင်းမှုသည် ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်၏ လေကြောင်းသယ်ယူပို့ ဆောင်ရေးကဏ္ဍတွင် ကျောရိုးသဖွယ် အားထားခဲ့ရသည့် Mi-17 ရဟတ်ယာဉ်အများအပြား ပစ်ချခံရခြင်းနှင့် ပျက်ကျခြင်းတို့ကြောင့် ကြုံတွေ့နေရသည့် စွမ်းဆောင်ရည်လစ်ဟာမှုကို ပြန်လည်အားဖြည့်ရန် ကြိုးပမ်းမှုဖြစ်ပြီး Mi-38 သည် စစ်သားအယောင်၄၀အထိ တင်ဆောင်နိုင် ခြင်းနှင့် ကုန်ပစ္စည်းလည်း ၆တန်အထိ သယ်ဆောင်နိုင်ခြင်းတို့ကြောင့် စစ်မြေပြင်သို့ စစ်သား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာတို့ ပို့ဆောင်ရာ၌ Mi-17 ထက် စွမ်းဆောင်ရည်သာလွန်ကြောင်း သိရသည်။

“စစ်ကော်မရှင်ရဲ့ အားသာချက်က ပြည်သူ့ဘဏ္ဍာငွေကို စိတ်ကြိုက်သုံးနိုင်တာ။အဲဒီအားသာချက် နဲ့ သူတို့ရဲ့ အားနည်းချက်ဖြစ်တဲ့ မြေပြင်စစ်ကြောင်းတွေကို ဝေဟင်ကနေ ထောက်ပံ့ပေးတာပေါ့။ အဲဒီလို လေကြောင်း အားသာချက် အပြည့်အဝရှိပြီး လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် လုပ်နေတဲ့ကြားထဲက အခု ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်နိုင်တာလည်း ကျနော်တို့ မေ့ထားလို့ မရဘူး”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ထို့အပြင် Mi-38 သည် တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်းအထိ ပျံသန်းနိုင်ပြီးခေတ်မီ Avionics စနစ်များနှင့် Navigation System များ တပ်ဆင်ထားသောကြောင့် ရာသီဥတုဆိုးရွားချိန်နှင့် ညအချိန်များတွင်ပင် စစ်ဆင်ရေးများကို ပိုမိုဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်သဖြင့် စစ်တပ်၏
လေကြောင်းစစ်ဆင်ရေးနှင့် ထောက်ပံ့ရေးစွမ်းရည်ကို သိသိသာသာ အထောက်အကူရရှိစေကြောင်း MDSI က ဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အားကောင်းကျယ်ပြန့်လာသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအတွင်း စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ၅ စင်းမှ ၆ စင်းအထိ ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ ဆုံးရှုံးမှုများတွင် အများစုက တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိမှန်ပျက်ကျခဲ့ခြင်းများဖြစ်ပြီး၊ အချို့မှာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုနှင့် ရာသီဥတုအခြေအနေများကြောင့် ဖြစ်ကြောင်း

စစ်ဆင်ရေးတပ်များ အမြန်ရွှေ့ပြောင်း ပို့ဆောင်ရေး နှင့် ရှေ့တန်းစစ်မြေပြင် တပ်စခန်းများအတွက် လက်နက်ခဲယမ်း ရိက္ခာ၊ တပ်အင်အား ဖြည့်တင်းရေးသည် စစ်တပ်အတွက် အသက်သွေးကြောဖြစ်ပြီး မြေပြင်လမ်းကြောင်းများစွာကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ဖြတ်တောက်ထားနိုင်သည့်အတွက် လေကြောင်းပို့ဆောင်ရေးအပေါ် လုံးလုံးလျားလျား မှီခိုနေရကြောင်း MDSI ကဆိုသည်။