ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အတွင်း စစ်ကောင်စီ သတင်းပေးများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သန်းခေါင်စာရင်းစစ်ကာ ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့က စတင်ပြီး TNLAတပ်ဖွဲ့မှ ၁၃/မှတ်ပုံတင်ကိုင်ဆောင်ထားခြင်းမရှိဘဲ ကျောက်မဲမြို့အတွင်း နေထိုင်သူများကို စစ်ဆေးမေးမြန်းခြင်းများနှင့် သံသယရှိသူများကို ယာယီထိန်းသိမ်းခြင်းများပြုလုပ်နေခြင်းဖြစ်ကြောင်း TNLAတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာမျိုးတော့မဟုတ်ပါဘူး။ စစ်ကောင်စီသတင်းပေးတွေ မြို့ထဲရောက်နေတယ်ဆိုလို့ ရပ်ကွက်အလိုက် သန်းခေါင်စာရင်း စစ်တာပါ။ စစ်ဆေးရမဲ့ သူအချို့ကို ယာယီထိန်းသိမ်းပြီး ပြန်လွှတ်ပေးပြီးပါပြီ”ဟု ၎င်းက ပြောသည်။
အထက်ပါ အခြေအနေနှင့် ပတ်သက်ပြီး ကျောက်မဲမြို့တွင်းနေ ဒေသခံပြည်သူများအား MPAမှ မေးမြန်းရာ မြို့တွင်းနေထိုင်နေသေးသည့် ပြည်သူများရှိသေးကြောင်း နှင့် စစ်ဘေးရှောင်ကြရန် ပြောဆိုမှုများမရှိသေးကြောင်း ပြောဆိုကြသည်။
“စစ်ရှောင်ဖို့တော့ မပြောသေးဘူး။ဆိုင်ကယ်နဲ့ သွားလာသူတွေကို စစ်ဆေးနေသူတွေရှိတယ်။ကျောက်မဲစျေးနားမှာဆို စျေးရောင်းပေးနေတဲ့ စျေးသည် အနည်းငယ်ပဲရှိတော့တယ်။ဆေးရုံ၊ဆေးခန်းတွေတော့ မရှိတော့ဘူး။ ရန်ကင်းဖက်ကိုတော့ TNLAတွေ သန်းခေါင်စာရင်း လာမစစ်ကြသေးဘူး”ဟုဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်အနေနှင့် ကျောက်မဲမြို့တွင်းသို့ ဦးတည်စစ်ကြောင်းထိုးလာသည်မှာ နားအိုက်ရွာအနီးသို့ ရောက်ရှိလာပြီး စခန်းသာကို မကျော်နိုင်သေးကြောင်းနှင့် ကျောက်မဲမြို့တွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲမှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့ည တစ်နာရီက သစ်တောရုံးဧရိယာဝန်းထဲကို ဗုံးနှစ်လုံးကြဲတယ်။ ရန်ကင်းရပ်ကွက်ထဲက အိမ်အချို့ကို ဗုံးစမှန်လို့ သွားတယ်။လူကတော့ မထိပါဘူး။ မြို့တွင်းနေတဲ့ ပြည်သူအရေအတွက်က ဆိုင်ကယ်တစ်စီးကို ဆယ်မိနစ်ကြာမှ မြင်ရတဲ့ အနေအထားမျိုးပါ”ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်က စတင်စစ်ကြောင်းထိုးလာသည့် ဩဂုတ်လ ဒုတိယအပတ်မှစတင်ပြီး လေကြောင်းနှင့်မြေပြင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျောက်မဲမြို့နယ်အတွင်းတွင် ပြည်သူ၂၉ ဦး သေဆုံးကာ ၆၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ၈,၆၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရဆဲဖြစ်ကြောင်း ရှမ်းလူ့အခွင့်ရေး မဏ္ဍိုင်က သတင်းထုတ်ပြန်ထားသေးသည်။
လက်ရှိတွင် ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းအသီးသီး၌ စစ်ဘေးရှောင် ပြည်သူ ၉ထောင်ကျော်အထိ မြင့်တက်လာပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။
