အမေရိကန်နှင့် ကုန်သွယ်ရေးဆက်ဆံရေး တင်းမာနေချိန်တွင် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ မိမိကိုယ်ကိုရပ်တည်နိုင်ရန် နိုင်ငံခြားဖြစ်ပစ္စည်းများ သုံးစွဲရေးအတွက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက စက်တင်ဘာ ၂၁ ရက်က တိုင်းပြည်သို့ ပြောကြားသည့် မိန့်ခွန်းတွင် တိုက်တွန်းထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က အိန္ဒိယမှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် ရာခိုင်နှုန်း ၅၀ အခွန်တိုးမြှင့်လိုက်ပြီးနောက် မိုဒီ အိန္ဒိယလုပ်ကုန်ပစ္စည်းများ သုံးစွဲရန် တိုက်တွန်းခဲ့သည်။ မိုဒီကို ထောက်ခံသူများကလည်း အိန္ဒိယတွင် အလွန်ရေပန်းစားသည့် McDonald’s၊ Pepsi နှင့် Apple အပါအဝင် အမေရိကန်အမှတ်တံဆိပ်များကို သပိတ်မှောက်ရန် လှုပ်ရှားမှုများ စတင်နေကြသည်။
“ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ကုန်ပစ္စည်းတွေ အများစုက နိုင်ငံခြားက ထုတ်ထားတာတွေဖြစ်နေပြီး ကျွန်တော်တို့ မသိလိုက်ကြဘူး။ ဒါတွေကို ကျွန်တော်တို့ ဖယ်ရှားပစ်ရတော့မယ်” ဟု မိုဒီက ယနေ့ (စက်တင်ဘာ ၂၂ ရက်)တွင် စတင်အကောင်အထည်ဖော်မည့် စားသုံးသူအခွန်လျှော့ချမှုများအစီအစဉ်အတွက် အကြို မိန့်ခွန်း၌ ပြောကြားခဲ့သည်။
လူဦးရေ ၁ ဒသမ၄ ဘီလီယံရှိသော အိန္ဒိယသည် အမေရိကန်စားသုံးကုန်များအတွက် အဓိကစျေးကွက်ဖြစ်ပြီး ယင်းတို့ကို အမေရိကန်အွန်လိုင်းလက်လီရောင်းချသူ Amazon.com မှတစ်ဆင့် မကြာခဏ ဝယ်ယူလေ့ရှိသည်။ မကြာသေးမီ နှစ်များအတွင်း အမေရိကန်အမှတ်တံဆိပ်များသည် အိန္ဒိယမြို့ငယ်လေးများအထိပါ ကျယ်ပြန့်လာခဲ့သည်။
နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုလိမ့်မည်ဟုဆိုကာ ဆိုင်ပိုင်ရှင်များကိုလည်း အိန္ဒိယလုပ်ကုန်ပစ္စည်းများကိုသာ ရောင်းချရန် မိုဒီက တောင်းဆိုခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကုမ္ပဏီအများအပြားသည် အိန္ဒိယ ထုတ်ကုန်ပစ္စည်းများ အရောင်းမြှင့်တင်မှုကို တိုးမြှင့်လာကြသည်။
အိန္ဒိယနှင့် အမေရိကန်တို့၏ ဆက်ဆံရေး တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင် အိန္ဒိယ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပီယူရှ် ဂိုယယ်သည် ကုန်သွယ်ရေးဆွေးနွေးပွဲများအတွက် ဝါရှင်တန်သို့ မကြာမီ သွားရောက်လည်ပတ်ဖွယ်ရှိသည်။
