အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့ကြား ဖြစ်ပွားနေသော စစ်မက်မီးပွားများကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လာမည့် ၂၄ နာရီအတွင်း အပြီးသတ်နိုင်ခြေရှိကြောင်း နှစ်နိုင်ငံကြား ကြားဝင်စေ့စပ်ပေးခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ဇွန်လ ၁၃ ရက် စနေနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ၎င်း၏ လူမှုကွန်ရက် အိတ်စ် (X) စာမျက်နှာပေါ်မှတစ်ဆင့် ယင်းစကားကို အသိပေးပြောကြားလာခြင်းဖြစ်သည်။
“ကျနော်တို့ဟာ သမိုင်းမှာ ဘယ်တုန်းကနဲ့မျှမတူအောင် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်” ဟု ၎င်းက ရေးသားပြောဆိုသည်။
ယင်းအပြင် လာမည့် ၂၄ နာရီအတွင်း သဘောတူညီချက် အပြီးသတ်နိုင်ရန် မျှော်လင့်ထားပြီး၊ အပြီးသတ်ပြီးသည်နှင့်တစ်ပြိုင်နက် ဒစ်ဂျစ်တယ်စနစ်ဖြင့် အီလက်ထရောနစ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်နိုင်ရန် ပါကစ္စတန်နိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်းနှင့် လာမည့်အပတ်တွင် နည်းပညာဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
ပါကစ္စတန်ခေါင်းဆောင်က ဆက်လက်၍ စေ့စပ်ညှိနှိုင်းမှု ကာလတစ်လျှောက်လုံးတွင် စဉ်ဆက်မပြတ် ကတိကဝတ်ပြု ကြိုးပမ်းပေးခဲ့ကြသည့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့ကို ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲများ အောင်မြင်ရန် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ဒေသတွင်းနိုင်ငံများကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည်။
ယခုရရှိမည့် သမိုင်းဝင်ငြိမ်းချမ်းရေးသဘောတူညီချက်သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ခိုင်မာသော အုတ်မြစ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပါကစ္စတန်ဝန်ကြီးချုပ်က တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။
