ကွယ်လွန်သွားခဲ့သည့် ထိုင်းတော်ဝင်မင်းသမီး ဘာဂျာကီတီယာဗာ (Princess Bajrakitiyabha) အတွက် အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် လှိုက်လှိုက်လှဲလှဲ ကိုယ်ချင်းစာနာမှုကို ဖော်ပြသည့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်းအစိုရထံ ပေးပို့ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အလွန်တရာ ကြီးမားသော ဆုံးရှုံးမှုအတွက် ဝမ်းနည်းပူဆွေးနေကြရသည့် ထိုင်းဘုရင်မင်းမြတ်၊ တော်ဝင်မိသားစုဝင်များနှင့် ထိုင်းပြည်သူလူထုတစ်ရပ်လုံးထံသို့ အနက်ရှိုင်းဆုံး ဝမ်းနည်းစကား ဆိုအပ်ကြောင်း ထုတ်ပြန်ချက်တါင် ဖော်ပြထားသည်။
ထို့အပြင် တော်ဝင်မင်းသမီးကြီးသည် ၎င်း၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် နယ်ပယ်အသီးသီး၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံတွင်း၌သာမက နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွက်ပါ များစွာ အကျိုးပြုနိုင်ခဲ့ကြောင်း NUGက ဂုဏ်ပြုရေးသားထားသည်။
၎င်းလုပ်ဆောင်ချက်များထဲတွင် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ခဲ့မှုနှင့်အတူ မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နှင့် တာချီလိတ်ဒေသများတွင် ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မြူခိုးညစ်ညမ်းမှုကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့မှုများလည်း ပါဝင်သည်။
မင်းသမီးကြီး၏ တရားမျှတမှု၊ လူသားဂုဏ်သိက္ခာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် စံပြဖြစ်လောက်သော ဆောင်ရွက်ချက်များကို နောင်လာနောက်သား မျိုးဆက်များကပါ လေးစားအတုယူကာ အစဉ်အမြဲ သတိရအောက်မေ့နေကြမည်ဖြစ်ကြောင်းလည်း NUG က ဆိုသည်။
ယခုကဲ့သို့ ဝမ်းနည်းပူဆွေးနေရသည့် ကာလအတွင်း ထိုင်းပြည်သူများနှင့်အတူ ထပ်တူထပ်မျှ ခိုင်ခိုင်မာမာ အတူရပ်တည်ပါကြောင်းနှင့် တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူများအနေဖြင့် ယခုကဲ့သို့ ခက်ခဲသောအချိန်ကို ဖြတ်သန်းကျော်လွန်နိုင်ရန် ခွန်အားနှင့် စိတ်သက်သာရာရမှုများ ရရှိနိုင်ကြပါစေကြောင်းNUG သဝဏ်လွှာ၌ တောင်းဆုပြုထားသည်။
