By MPA
မည်သည့် အခြေအနေမျိုးတွင်မဆို တရုတ်၏ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ပေးမည်ဟု အတုအယောင် သမ္မတမင်းအောင်လှိုင်က ယနေ့( ဇွန် ၁၆ရက်)တွင် တရုတ်နိုင်ငံ၌ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ပြုလုပ်ခဲ့သည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ အဓိက မဟာဗျူဟာမြောက် စီမံကိန်းများဖြစ်သော ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအမံ (BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်ရှိ လုပ်ငန်းစဉ်များကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စွာ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်းရှိ လမ်းပန်းဆက်သွယ်ရေး၊ ရထားလမ်း၊ စွမ်းအင်နှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုအကျိုးအမြတ်များ ပိုမိုတိုးတက်လာစေရေးအတွက် လိုအပ်သော ပံ့ပိုးမှုများကို မြန်မာဘက်က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင်လည်း တရုတ်နိုင်ငံဘက်က အလေးအနက် တောင်းဆိုထားသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ ဆိုက်ဘာမှုခင်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများကို ထိရောက်ပြတ်သားစွာ ပူးပေါင်းနှိမ်နင်းပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားကြောင်း ပြောဆိုခဲ့ပြီး ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများတွင် အပြန်အလှန်ဝန်းရံထောက်ခံမှုများ ပြုလုပ်ရန်နှင့် အာဆီယံ၏ ဗဟိုအခန်းကဏ္ဍမှတစ်ဆင့် တရုတ်၏ အကျိုးစီးပွားနှင့် လမ်းညွှန်ချက်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် အဆင့်မြင့်နည်းပညာကဏ္ဍတွင်လည်း ခေတ်မီနည်းပညာများ၊ AI နှင့် အာကာသနည်းပညာဆိုင်ရာ ကဏ္ဍများကို တရုတ်နိုင်ငံနှင့် ပိုမိုဖလှယ်ကာ အသုံးချနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံ၏ အကူအညီများကို ဆက်လက်လက်ခံရယူပြီး ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
