ဆီမှောင်ခိုချနေသည့် ရာဇာမင်းကုမ္ပဏီ လုပ်သမျှ မွန်ပြည်သူတို့ ဆက်ခံကြရန် အစိုးရတုဝန်ကြီးဆို

ပုံစာ- အောင်ကြည်သိန်း ကတုံးပေါ်ဆိပ်ကမ်းသို့ ရောက်ရှိနေပုံ

မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေး ကြီးနေမှုအတိုင်း ဒေသခံတို့ ဆက်လက်ဝယ်ယူအားပေးကြရန် မွန်ပြည်နယ်အစိုးရတုဝန်ကြီး ဇေယျာဦးက ပြောကြားလိုက်သည်။

ဇွန်၁၅ရက်က ပြုလုပ်သည့် တရားမဝင်မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကျိုက်မရော အ မတ်သန့်ဇော်က မွန်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်၊သီလဝါဆိပ် ကမ်းမှ ပြန်လည်ဝယ်ယူခွင့်ပြုရန် ရှိ၊မရှိ မေးမြန်းမှုကို ဇေယျာဦးက မရှိပါဟု ပြန်လည်ဖြေကြားခဲ့ သည်။

“အရင်ဝန်ကြီးချုပ် အောင်ကြည်သိန်းနဲ့ လုံနယ်ဝန်ကြီး ကျော်စွာမြင့်က အရင်တုန်းက ဘီးလင်းတို့ သထုံတို့ဘက်မှာ မိုင်းထိပြီး တံတားကျိုးတုန်းက ဆီပြတ်တယ်ဆိုပြီး အကြောင်းပြချက်နဲ့ ရာဇာမင်း ကုမ္ပဏီကို ဆီတင်သွင်းခွင့် လုပ်ပိုင်ခွင့်တင်ဒါပေးခဲ့တယ်။ရာဇာမင်းက စစ်ကောင်စီဆီကနေ ဆီဝယ် ဖို့ ဒေါ်လာမတောင်းဘဲနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆီဝယ်တယ်။မုဒုံက ကတုံးပေါ်ဆိပ်ကို နိုင်ငံခြားကနေ ဆီတိုက်ရိုက်သွင်းပြီး မွန်ပြည်နယ်ထဲ ပြန်ဖြန့်တယ်။ဖြန့်ရင်းနဲ့ ဆီတွေကို မှောင်ခိုခိုးထုတ်ပြီး ရွှေတွင်း တွေဘက်ကို အမြင့်ဈေးနဲ့ ပြန်ရောင်းပြီး လုပ်စားတယ်။ပြည်သူတွေက တခြားတိုင်းနဲ့ပြည်နယ်တွေ ထက် မွန်ပြည်နယ်က ဆီဈေးကြီးနေလို့ မကျေနပ်ကြဘူး”ဟု ဒေသတွင်းပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ပြောသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးခွင့်ကို ယခင် တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းလက်ထက်၌ Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၁၅ ရက်မှစတင်ကာ ပင်လယ်ရေ ကြောင်းမှ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းသို့ ဆီတင်သွင်းကာ ရောက်လာသည့် စက်သုံးဆီများအား မွန်ပြည်နယ်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်း ချနေခြင်းဖြစ်သည်။

“ရာဇာမင်းပိုင်ရှင် ညီညီထွေးက ဆီမှောင်ခိုရောင်းလို့ အခုလက်ရှိမှာ အမှုဖွင့်ခံထားရတယ်။ ညီညီ ထွေးက ဝန်ကြီးချုပ်နဲ့ လုံနယ် နဲ့ပေါင်းရိုက်ပြီး တင်ဒါအောင်တယ်။ ဆီလည်းဖြန့် ဆီလည်းခိုးရောင်း ပြီး အချီကြီးကြံတာ။ အဲဒါကို ကျနော်တို့ ပြည်သူတွေက မကျေနပ်တာ”ဟု ၎င်းက ဆက်လက်ပြော သည်။

ကတုံးပေါ်ရွာမှ ကတုံးပေါ်ဆိပ်ကမ်းသို့သွားသည့်လမ်းမှာ ကျောက်ခင်းလမ်းသာဖြစ်၍ ဆီဘောက် ဆာများ သွားလာရ မလွယ်သလို ကတုံးပေါ်ဆိပ်၌ ဆီဖြည့်တင်းသည့်အလုပ်သမားလည်း နည်းသ ဖြင့် ဆီဘောက်ဆာကားများမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရကြောင်း သိရသည်။

“မော်လမြိုင်က ဆီဆိုင်ဝန်ထမ်းတွေဆီကနေ ပြန်ကြားရတာက တမင်ကို ဘောက်ဆာကားတွေ ဆီ သွားထည့်ရတာ ခက်အောင် လမ်းကောင်းအောင် မလုပ်တာတဲ့။ပြီးတော့ အလုပ်သမားနည်းတယ် ဆိုပြီး အကြောင်းပြတယ်။အရင်တုန်းက သီလဝါမှာ ဆီသွားဝယ်တဲ့ ဘောက်ဆာကားတွေ မနက် ဖြည့်ပြီးရင် ညနေဆို မော်လမြိုင်ရောက်တယ်။မော်လမြိုင်နဲ့ ဘာမှမဝေးတဲ့ မုဒုံမှာ ဆီသွားထည့်တာ ကျတော့ တစ်ညအိပ်စောင့်ရတယ်။ဘာကြောင့်အဲလိုလုပ်သလဲဆိုတော့ ဆီဝယ်တာခက်လို့ သိပ်မ ဝယ်ရင် မှောင်ခို ခိုးထုတ်ရတာ ပိုများအောင်”ဟု မော်လမြိုင်မြို့၊ မုပွန်ရပ်နေ အမျိုးသားတစ်ဦး က MPAသို့ပြောသည်။

စစ်ကောင်စီလက်ထက်က ချုပ်ဆိုခဲ့သည့် တရားမဝင်ပြည်နယ်အစိုးရအဖွဲ့နှင့် စက်သုံးဆီတင်ဒါ အောင် ရာဇာမင်းကုမ္ပဏီတို့၏ စာချုပ်ပါ အချက်များကို အများပြည်သူ သိရှိအောင် ချပြရန် လို ကြောင်း ဒေသတွင်းပါတီများနှင့်နီးစပ်သူက ဆိုသည်။

“အရင်က အာဏာသိမ်းထားတဲ့ စစ်အုပ်ချုပ်ရေးမို့ မချပြဘူးဆိုတာ လက်ခံတယ်။အခုက ဒီမိုကရေ စီ အစိုးရဆိုပြီး ပြောနေတဲ့အခါကျတော့ ဒီဆီတင်ဒါပေးခဲ့တဲ့ စာချုပ်ကို ချပြရမယ်။ဘာလို့ချပြခိုင်းတာ လဲဆိုတော့ တင်ဒါအောင်ကုမ္ပဏီက ဆီမှောင်ခိုချတာကိုတောင် မကောင်းတတ်လို့ အမှုဖွင့်တာကလွဲ ပြီး ဒီ ရာဇာမင်းကုမ္ပဏီကိုပဲ အခုလုပ်ကိုင်ခွင့် ဆက်ပေးပြီး အစိုးရက အကာအကွယ်ပေးနေတဲ့အပေါ် ပြည်သူက သံသယရှိကြလို့ သံသယရှင်းအောင် စာချုပ်ချပြရမယ်”ဟု ၎င်းက ဆိုသည်။

ရာဇာမင်းကုမ္ပဏီကို စက်သုံးဆီလုပ်ကိုင်ခွင့်ပေးအပ်ခဲ့ခြင်းကြောင့် ယခင်ဝန်ကြီးချုပ် အောင်သိန်း လင်းနှင့် လုံနယ်ဝန်ကြီး (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီးကျော်စွာမြင့်တို့ အကျိုးအ မြတ်ရရှိခဲ့သည်ဟု ပြည်သူများကြား သတင်းထွက်ပေါ်လျက်ရှိပြီး အောင်ကြည်သိန်းနဲ့ ကျော်စွာမြင့် သည် စက်သုံးဆီလုပ်ပိုင်ခွင့်ရ Ya Zar Min Industry ကုမ္ပဏီတွင် ရှယ်ယာရရှိထားကြောင်း ပြည် နယ်အဆင့် ကြံ့ဖွံ့အကြီးအကဲအချို့က ပြောကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ဆီဈေးက စစ်တောင်းတံတားလေးခြားတာနဲ့တင် 92တစ်လီတာကို ၂၀၀ကျော်လောက် ကွာနေပြီ။ ပဲခူးတိုင်းမှာနေတဲ့သူလည်း မြန်မာနိုင်ငံသားပဲ။မွန်ပြည်နယ်ကလူတွေလည်း မြန်မာနိုင်ငံသားပဲ။ နိုင် ငံသားချင်းတူပေမဲ့ ကိုယ်တွေ ဈေးကြီးပေးပြီး ဆီဝယ်နေရတယ်”ဟုသထုံမြို့၊မင်းလမ်းနေ ပြည်သူ တစ်ဦးက ပြောသည်။

ဇွန်လ၁၆ရက်၊ 92တစ်လီတာ ပဲခူးရည်ညွှန်းဈေးမှာ ၃၈၉၅ကျပ်ဖြစ်ပြီး မော်လမြိုင်ရည်ညွှန်းဈေးမှာ ၄၁၂၅ကျပ်ဖြစ်သည်။

ကျော်စွာမြင့်သည် စစ်ကောင်စီလက်ထက်ကတည်းက မွန်ပြည်နယ် လုံနယ်ဝန်ကြီးဖြစ်ပြီး မင်းအောင်လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးကာ သူကောင်းပြုခဲ့ဖူးသည်။