ဆိုင်ကယ်မောင်းနှင်လာသည့် စစ်သားနှစ်ဦး အရှိန်မထိန်းနိုင်ဘဲ စစ်ကားကိုဝင်တိုက်မိပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဆူရင်ခရိုင်၊ ဖနွန်ဒေါင်ရက်မြို့နယ်ရှိ တာမွမ်တော့ဒ် ရှေးဟောင်းဘုရားကျောင်းပျက်အနီးတွင် ဆိုင်ကယ်ဖြင့်လာသည့် စစ်သားနှစ်ဦးသည် လမ်းကွေ့တစ်ခု၌ ထိန်းချုပ်မှုလွတ်သွားပြီး စစ်တပ်ပိုင် ကုန်တင်ကားတစ်စီးကို ဝင်တိုက်မိသဖြင့် နှစ်ဦးလုံး သေဆုံးသွားခဲ့ကြောင်း ဆူရန်နာရီစစ်ဆင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မတော်တဆမှုသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီးရှိ ရှေးဟောင်းဘုရားကျောင်းအနီး နေရာတွင် ဇွန်လ ၁၆ ရက်၊ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ စစ်သည်နှစ်ဦးအနက် ပထမတစ်ဦးဖြစ်သည့် စစ်သီချိုင်း ဝီယန်သမ်သည် ဒေသခံစစ်အခြေစိုက်စခန်းတစ်ခုမှ ရေဒီယိုတယ်လီဖုန်းအော်ပရေတာ အခြေခံစစ်သည်ဖြစ်ပြီး ဖြစ်ပွားရာနေရာ၌ပင် သတိလစ်မေ့မြောသွားခဲ့သဖြင့် ဖနွန်ဒေါင်ရက် ချလန်ဖရာကီယက် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

ဆရာဝန်များက နှလုံးအနှိုးစက် (CPR) ဖြင့် အသက်ကယ်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ပြန်လည်တုံ့ပြန်မှု မရှိတော့ဘဲ မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်တွင် သေဆုံးသွားခဲ့သည်။

ဒုတိယမြောက် စစ်သည်ဖြစ်သည့် သတ်သက်ပ် ဆီဒါမတ်သည် ဆမ်ယက်စစ်အခြေစိုက်စခန်းမှ စက်သေနတ်ကိုင် အခြေခံစစ်သည်ဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်စဉ်အချိန်အထိ သတိရနေသေးသော်လည်း ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့် ဦးခေါင်းရောင်ရမ်းသည့် ဒဏ်ရာများ ရရှိထားသဖြင့် အရေးပေါ်အခန်းတွင် ထားရှိ၍ စောင့်ကြည့်စစ်ဆေးခဲ့ရသည်။

သို့သော် မွန်းလွဲ ၁ နာရီခွဲခန့်တွင် သွေးခုန်နှုန်းများ ရုတ်တရက် အားနည်းလာသောကြောင့် ဆရာဝန်များက နှလုံးအနှိုးစက် (CPR) ဖြင့် အသက်ကယ်ရန် အပြင်းအထန် ကြိုးစားခဲ့ကြသော်လည်း မကယ်တင်နိုင်ခဲ့ဘဲ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ထပ်မံသေဆုံးသွားခဲ့ရသည်။

လက်ရှိတွင် ၎င်းတို့၏ တပ်ဖွဲ့ခွဲအနေဖြင့် သေဆုံးသူ စစ်သည်နှစ်ဦးစလုံး၏ မိသားစုဝင်များထံသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် ဆေးရုံနှင့် မတော်တဆဖြစ်ပွားရာနေရာများသို့ လာရောက်နိုင်ရန် လိုအပ်သည့် သွားလာရေးယာဉ်များကို စီစဉ်ပေးထားကြောင်း သိရသည်။

ထို့ပြင် စစ်တပ်အာဏာပိုင်များအနေဖြင့် သေဆုံးသွားသော စစ်သည်များအတွက် နာရေးကူညီမှု ကိစ္စရပ်များကို ဆောင်ရွက်ပေးနေသည့်အပြင် တရားဝင် ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူမှုဖူလုံရေးခံစားခွင့်များနှင့် သက်ဆိုင်ရာ အသက်အာမခံကြေး အပါအဝင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့် အပြည့်အဝကို မိသားစုများ ရရှိစေရန် လုပ်ဆောင်ပေးလျက်ရှိသည်။