ရွေးတုမတိုင်ခင်ကထက် စစ်တပ် ဗုံးပိုကြဲ၊ ပြည်သူ ၁၄၀ ကျော် သေဆုံး

ဓာတ်ပုံ-ကေအဲန်ယူ
ပုံစာ- မေ ၂၄ ရက်က ကျိုက်ဒုံမြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်ကွင်း။

အာဏာသိမ်းစစ်အုပ်စု အစိုးရတု၏ ရက် ၁၀၀ ငြိမ်းချမ်းရေးကြေညာချက်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄၀ကျော် သေဆုံးခဲ့ကြောင်းလူ့အခွင့်အရေး မှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma)ထံက သိရသည်။

ရက်၁၀၀ စီမံချက်စတင်ခဲ့သော ၂၀၂၆ခုနှစ်၊ဧပြီ၂၀ရက်မှ ဇွန်လတစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုအကြိမ်ရေ ၃၀၀ နီးပါးရှိခဲ့ကြောင်း ND-Burma ပြုစုခဲ့သည့် မှတ်တမ်းအရ သိရသည်။

“၂ လမပြည့်တဲ့ကာလတစ်ခုမှာ ဒရုန်း၊ စက်တပ်လေထီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပါအဝင် ဂျက်တိုက်လေယာဉ်နဲ့ ထောက်ပို့လေယာဉ်တဖြစ်လဲ တိုက်ခိုက်ရေးလေယာဉ်မျိုးစုံသုံးပြီး ပြည်သူ တွေအပေါ်တိုက်ခိုက်ခဲ့တာပါ။ ဒါဟာ ၂လ နီးပါး ကာလအတွင်း ရွေးတုမတိုင်ခင် ကာလတွေက တိုက်ခိုက်မှုတွေထက် ထက်ဝက်နီးပါးကျော်လွန်ပါတယ်”ဟု ND-Burma ၏ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ ဝင် နိုင်အဲမွန်က MPAသို့ပြောသည်။

စစ်အုပ်စုသည် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ခြင်း မရှိသကဲ့သို့ လျော့နည်းသွားခြင်းလည်း မရှိကြောင်း ND-Burmaက ဇွန်လ၁၆ရက်တွင် ထုတ်ပြန်သော “အာဏာ ရှင်များ ကြီးစိုးရာအရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက်ပိုင်း စစ် အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ” အစီရင်ခံစာ၌ ဖော်ပြထားသည်။

“ဒီအချက်တစ်ခုတင်ပဲ အစိုးရတုပြောဆိုနေတဲ့ ငြိမ်းချမ်းရေးစကားလုံးဟာ မြေပြင်အခြေအနေ တွေ မှာ ဘယ်မှာမှ မသက်ရောက်ကြောင်းထင်ရှားပါတယ်။ အဓိပ္ပါယ်လည်း မရှိပါ။ သံတမန်တွေ၊ နိုင်ငံ တကာမျက်နှာစာတွေမှာ တည်ငြိမ်ရေးအကြောင်း ပြောနေပေမဲ့ ကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင် ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားအသိုက်အဝန်းတွေကို ပစ်မှတ်ထားပြီး ဆက် လက်ဗုံးကြဲတိုက်ခိုက်နေဆဲပါ”ဟု နိုင်အဲမွန်က ဆက်လက်ပြောသည်။

စစ်တပ်သည် တရားဝင်မှု ရရှိရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားရန် အစဉ်တစိုက် ကြံစည်လာခဲ့ကြောင်း နိုင်ငံတကာနှင့် ဒေသတွင်း အရေးပါသည့် သက်ဆိုင်သူများအနေဖြင့် စစ်အုပ် စုခေါင်းဆောင်များကို မည်သည့်နည်းနှင့်မျှ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံအသိအမှတ် ပြုခြင်း မပြုသင့်ကြောင်း ND-Burmaက ထုတ်ပြန်ထားသည်။