တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အတုအယောင်သမ္မတ မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ ( ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံ၏ အမျိုးသားရေးအခြေအနေများနှင့် ကိုက်ညီပြီး ပြည်သူလူထု၏ ထောက်ခံမှုရရှိထားသည့် မှန်ကန်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက ခိုင်မာစွာ ထောက်ခံအားပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် တရုတ်နှင့် မြန်မာတို့သည် ၇၆ နှစ်တာ သံတမန်သက်တမ်းအတွင်း အေးအတူပူအမျှ ရပ်တည်ခဲ့ကြပြီး၊ မြန်မာနိုင်ငံအပေါ်ထားရှိသော တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကိုလည်း ခိုင်မာစွာ ထောက်ခံကြောင်း ၎င်းက ဆိုသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် Belt and Road၏ ထိပ်တန်းစီမံကိန်းဖြစ်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးကို အခြေခံ၍ အဓိကစီမံကိန်းကြီးများကို တည်ငြိမ်စွာ တွန်းအားပေးရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အွန်လိုင်းလောင်းကစားမှု၊ တယ်လီကွန်းလိမ်လည်မှု (ကျားဖြန့်) နှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုများကို ဆက်လက်နှိမ်နင်းသွားရန်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖော်ဆောင်ခြင်းကို တရုတ်က ထောက်ခံကြောင်း အလေးထားပြောကြားခဲ့သည်။
အတုအယောင် သမ္မတ မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်းရှိရေး မူဝါဒကို ခိုင်မာစွာ စွဲကိုင်ထားကြောင်းနှင့် တရုတ်နိုင်ငံ၏ (၁၅) ကြိမ်မြောက် ငါးနှစ်စီမံကိန်းသည် အာရှအိမ်နီးချင်းများအတွက် အခွင့်အလမ်းကောင်း ဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အစွမ်းကုန် အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်းလိမ်လည်မှုများကို ပြတ်ပြတ်သားသား ပူးပေါင်းနှိမ်နင်းသွားမည်ဖြစ်ကြောင်းနှင့် သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အစပြုချက် ၄ ချက်ကို အပြည့်အဝ ထောက်ခံကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
