တောင်တွင်းကြီးတွင် ဗိုလ်ကြီးပါလာသောကားနှင့် ဝန်ကြီးချုပ် လမ်းကြောင်းကြိုကားကို PDF တိုက်ခိုက်၊ အရာရှိ ၂ ဦးအပါ ၄ ဦးသေဆုံး

ဓာတ်ပုံ- နေပြည်တော်တိုင်းစစ်ဌာန
ပုံစာ- သိမ်းဆည်းမိသော လက်နက်ခဲယမ်းများနှင့် တိုက်ပွဲဝင် ရဲဘော်များ။

တောင်တွင်းကြီးမြို့နယ်အတွင်း ဗိုလ်ကြီးအဆင့်လိုက်ပါလာသည့်ကားနှင့် ဝန်ကြီးချုပ်လမ်း ကြောင်းကြိုကားတို့ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၄ ဦး သေဆုံးသွားကြောင်း သိရသည်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာဘက်မှ ထွက်ခွာလာသော ကားတစ်စီးတွင် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ပါ ၄ဦး စီးနင်းလာကြောင်း ကြိုတင်သတင်းရရှိသဖြင့် ဇွန်လ၁၅ ရက်၊ နံနက် ၈ နာရီခန့်က ရန်ကုန်_ပြည်လမ်းမကြီးပေါ်ရှိ ကိုးပင်-ဆတ်သွား လမ်းပိုင်းတစ်နေရာ၌ တော်လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးစောသန်းထွန်း အပါအဝင် ၂ဦး သေဆုံးပြီး ကျန် ၂ ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဇွန်၁၆ရက်)ည သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအပြီး လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းခြင်းနှင့် ကားမီးရှို့နေစဉ် အောင်လံ (ကိုးပင်)ဘက်မှ မောင်းနှင်လာသော ကားတစ်စီးအား စစ်ဆေးရန် တားဆီးရာ ကားနောက်ဆုတ် မောင်းပြေးပြီး စတင်ပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ၎င်းကား သည် အစိုးရတု မကွေးတိုင်းဝန်ကြီးချုပ်လမ်းကြောင်းအား ကြိုရန်ထွက်လာသော အောင်လံ မြို့နယ် မှူး၏ ကားဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသော ဗိုလ်အဆင့်ပါ ၂ဦး သေဆုံး သွားကြောင်း သိရသည်။

ယင်းတိုက်ပွဲများမှ MA 3 သေနတ်တစ်လက်၊ G3 တစ်လက်၊ MA 5 တစ်လက်၊ ကျည်ဘောက်၅ခုနှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများကို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ၁၇လက်အောက်ခံ ရိုးမဖိုက်တာ စစ်ကြောင်း နှင့် မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်း၊ ပုဏ္ဏဝတီ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့ များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။