ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည့်၏နေအိမ်ရှေ့ ခြံဝင်းတံခါးမကြီး၏ အပေါ်တွင်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် စာတန်းကို စစ်အုပ်စုက ပြီးခဲ့သည့် ဇွန် ၁၄ရက် ညပိုင်းတွင် ဖယ်ရှားခဲ့သည်။
ယခင်က ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် “လူထုနှင့် တိုင်းပြည်၏ မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ကြ” ဆိုသည့် အဝါရောင်အောက်ခံတွင် အနီရောင်စာလုံးဖြင့်ရေးထားသည့် စာတန်းတစ်ခုရှိခဲ့သော်လည်း၊ ယနေ့ (ဇွန် ၁၆ရက်)တွင် MPA မှ ရရှိခဲ့သည့် ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရှိရမှုမရှိတော့ပေ ။
ဓာတ်ပုံနှစ်ပုံလုံးတွင် ထင်ရှားစွာ မြင်တွေ့ရသည်မှာ သံချေးတက်၍ အရောင်အသွေး ပျက်ပြယ်နေသည့် သံတံခါးကြီးနှင့် ပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်းများ ရှုပ်ထွေးထူထပ်စွာ ပေါက်ရောက်နေသည့် မြင်ကွင်းဖြစ်သည်။
ခြံစည်းရိုးအုတ်တံတိုင်းများမှာလည်း ရေညှိများ တက်နေပြီး နှစ်ရှည်လများ လူသူမရှိဘဲ ပစ်ပယ်ထားသည့် ပုံသဏ္ဌာန်မျိုး ဆိုက်ရောက်နေသည်။


ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကော်မရှင်က မတရားဖမ်းဆီးထိန်းသိမ်းထားပြီးနောက်ပိုင်း ဤသမိုင်းဝင်နေရာကို ပုံမှန်ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိတော့ကြောင်း ဤအချက်က သက်သေပြနေသည်။
ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ခြံနံပါတ် (၅၄) သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု၏ ဗဟိုချက်ဖြစ်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင်း ကမ္ဘာ့ခေါင်းဆောင်များနှင့် ပြည်သူအပေါင်း လာရောက်စုဝေးရာ၊ မျှော်လင့်ချက် ရှာဖွေရာ နေရာတစ်ခု ဖြစ်ခဲ့သည်။
အတိတ်က စည်ကားခဲ့မှု၊ ကမ္ဘာ့အာရုံစိုက်ခံခဲ့ရမှုတို့နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ ရလဒ်နှင့် အပြောင်းအလဲများကို အတိုင်းသား ထင်ဟပ်နေသလို NLD ပါတီ ရင်ဆိုင်နေရသည့် နိုင်ငံရေးအရ ဖိနှိပ်ခံရမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ရပ်တည်မှု အကျပ်အတည်းကို ပြသနေသည့် သင်္ကေတတစ်ခု ဖြစ်သည်။
