By MPA
မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများမှ လူတစ်စုက နေ့စဉ် လိုင်းကြေး ကျပ်သိန်းထောင်ချီ ရရှိနေကြောင်း လွှတ်တော်တွင်း၌ အမတ်တစ်ဦးက ပြောကြားနေစဉ် လောင်းကစားဂိုဏ်းချုပ်ကြီး အောင်ကြည်သိန်းမှာ မျက်နှာပျက်နေကြောင်း သိရသည်။
ဇွန်လ၁၆ရက်၊တရားမဝင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကျိုက်မရောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် သန့်ဇော်က မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရသကဲ့သို့ ရက် ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ရေး အဆိုကို တင်သွင်း ခဲ့ခြင်းဖြစ်ပြီး လောင်းကစားဝိုင်းများကို တရားဝင်ခွင့်ပြုပေးကာ လိုင်းကြေးရယူခဲ့သည့် ယခင် တရား မဝင် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းမှာ ပြည်နယ်လွှတ်တော်အမတ်တစ်ဦးအဖြစ် လွှတ် တော်တွင်း၌ ရှိနေကြောင်း လွှတ်တော်မှတ်တမ်းဓာတ်ပုံများအရ သိရသည်။
“ဖြစ်ချင်တော့ ကိုသန့်ဇော်က အဲအဆိုတင်တဲ့အချိန်မှာ ကိုသန့်ဇော်ဘေးမှာက လောင်းကစားဂိုဏ်း ချုပ်ကြီး အောင်ကြည်သိန်းက ဘေးကပ်လျက်မှာရှိနေတာဆိုတော့ ကျနော်တို့ မော်လမြိုင်မှာ ဟာသ တွေ ဖြစ်နေတာပေါ့။ကိုသန့်ဇော်ပြောတဲ့ လူတစ်စုက လောင်းကစားဝိုင်းတွေကို ခွင့်ပြုပေးထားပြီး အ ခကြေးငွေကောက်ခံနေတယ်ဆိုတာ ဂိုဏ်းချုပ်ကြီး အောင်ကြည်သိန်းနဲ့ သူ့လူတွေကို ပြောမှန်းလူ တိုင်းသိတယ်”ဟု ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အောင်ကြည်သိန်းကို မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မင်း အောင် လှိုင်က ခန့်အပ်ခဲ့ပြီး ၂၀၂၃ခုနှစ်ကတည်းက ၎င်း၏ ဇာတိမြေဖြစ်သော ချောင်းဆုံမြို့နယ်၌ လောင်း ကစားဝိုင်းများကို စတင်ခွင့်ပြုခဲ့ကာ ၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက် (တန်ဆောင် မုန်းလပြည့်ည)မှစ တင်ကာ မော်လမြိုင်မြို့ပေါ် ရပ်ကွက်များ၌ ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်း ခင်းစေပြီး လိုင်း ကြေးရယူခဲ့သည်။
မွန်ပြည်နယ်ကြံ့ဖွံ့ဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် စစ်အုပ်စုရွေး ကောက်ပွဲ၌ သံသယဖြစ်ဖွယ် နောက်ကျမဲများဖြင့် ပြည်နယ်အမတ်အဖြစ် အနိုင်ရခဲ့ သော်လည်း ဝန် ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခြင်း မခံရသဖြင့် လွှတ်တော်အမတ်အဖြစ် တရား မဝင်မွန်ပြည် နယ်လွှတ်တော်ထဲသို့ ရောက်ရှိနေခြင်းဖြစ်သည်။
“ကျနော်တို့မွန်ပြည်နယ်ရဲ့ လောင်းကစားဒုဂိုဏ်းချုပ်ကြီးကတော့ လွှတ်တော်အစည်းအဝေးလာမ တက်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
မွန်ပြည်နယ် လောင်းကစားဒုဂိုဏ်းချုပ်မှာ လက်ရှိမွန်ပြည်နယ်အစိုးရတု၏ လုံနယ်ဝန်ကြီး (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)ဗိုလ်မှူးကြီးကျော်စွာမြင့်ဖြစ်ပြီး ၎င်းသည် စစ်ကောင်စီလက် ထက်ကတည်းက လုံနယ်ဝန်ကြီးရာထူးရခဲ့ကာ အောင်ကြည်သိန်းနှင့် တက်ညီလက်ညီ မွန်ပြည် နယ်ကို ဒုက္ခပေးခဲ့တစ်ဦးဖြစ်ကြောင်း သိရသည်။
“အောင်ကြည်သိန်းပြုတ်သွားပြီး အခုအစိုးရလက်ထက်မှာလည်း လုံနယ်ဝန်ကြီးက လောင်းကစား ဝိုင်းတွေကို ဆက်တာဝန်ယူတယ်။ အခုအစိုးရတုလက်ထက်မှာလည်း မော်လမြိုင်မြို့ပေါ်မှာ ဆက် ဖွင့်တာပဲ။မကြာသေးဘူး။မိုးတွင်း ဇာတ်ပွဲတွေနားလို့ လောင်းကစားဝိုင်းတွေ ရပ်လိုက်တာ”ဟု ၎င်း က ပြောသည်။
လုံနယ်ဝန်ကြီး ကျော်စွာမြင့်သည် စစ်ကောင်စီလက်ထက်ကတည်းက ၎င်း၏ ခါးပိုက်ဆောင်တပ် ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး ယင်းပြည်သူ့စစ်များက မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများကို တာဝန်ယူခြင်းနှင့် အဝေးပြေးလမ်းမကြီးများတွင် ဂိတ်ဖွင့်ကာ မှောင်ခိုယာဉ်များအား လိုင်းကြေး ကောက်ခြင်းတို့ကို အဓိက လုပ်ဆောင်ကြကြောင်း မွန်ပြည်နယ်အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လုံနယ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်က ဘက်တံဆိပ်မပါဘူး။ပြောက်ကျားပုံစံမျိုး ဝတ်စုံဝတ်တယ်။ ပြည်သူ တွေကို တော်တော်လူပါးဝတယ်။ပြည်သူတွေက သူတို့ကို ကြောက်ရတယ်။နောက်ထပ် ပြည်သူ့စစ် တစ်မျိုးကျတော့ စစ်တပ်လက်အောက်ခံ။သူတို့က ဘက်တံဆိပ်ပါတယ်။အာဏာသိပ်မရှိဘူး”ဟု ၎င်း ကပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်များနှင့် လက်နက်ကိုင်မရှိသောနေရာများရှိ လောင်းကစားဝိုင်းများကို လုံနယ်ဝန်ကြီး၏ ခါးပိုက်ဆောင်တပ်တို့က အဓိကတာဝန်ယူကြပြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေး ယူထားသည့် DKBA၊ BGF စသည်တို့ရှိသော ကျေးလက်ဒေသများ၌ ၎င်းလက်နက်ကိုင်တို့က တာဝန် ယူကာ လောင်းကစားဝိုင်းများ ဖွင့်နေကြခြင်းဖြစ်သည်။
လောင်းကစားဝိုင်းများကြောင့် ပြည်သူများ လူမှုဒုက္ခခံစားနေရသော်လည်းလူတစ်စုက တရားမဝင် ကောက်ခံရရှိသော ငွေများဖြင့် ၎င်းတို့ ဩဇာနယ်ပယ် ကကျယ်ပြန့်အောင် တည်ထောင်နေကြောင်း လောင်းကစားဝိုင်းများကို တိုင်ကြားသူ၊ နှောက်ယှက်သူများအား ခြိမ်းခြောက် ရန်ရှာ အန္တရာယ်ပေး ခြင်းတို့ကို လူမိုက်မွေးပြီးလုပ်ဆောင်ခဲ့သည့်ဖြစ်စဉ်များရှိကြောင်း ကျိုက်မရောအမတ်သန့်ဇော်က လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
“လွှတ်တော်မှာ လောင်းကစားဝိုင်း ပပျောက်ရေးအဆိုတင်တာကို ကျနော်တို့ မွန်ပြည်နယ်က လောင်းကစားသမားတွေနဲ့ လိုင်းကြေးရနေတဲ့ကောင်တွေကလွဲပြီး ကျန်တဲ့ပြည်သူတွေအကုန်လုံး ထောက်ခံ ကြိုဆိုကြမယ်လို့ ယုံကြည်တယ်”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားကြီးတစ်ဦးက ပြောသည်။
မွန်ပြည်နယ်တွင် ဇာတ်ပွဲများမပါဘဲ ပြုလုပ်နေသည့် လောင်းကစားဝိုင်းများလည်း ရှိကြောင်း သန့် ဇော်က ဆိုသည်။
သန့်ဇော်သည် မွန်ပြည်နယ်အခြေစိုက် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဌဖြစ်ပြီး မော်လမြိုင်မဘသတစ်ဦးလည်း ဖြစ်သည်။
လောင်းကစားပပျောက်ရေးအဆိုတင်သွင်းနေစဉ် တရားမဝင်မွန်လွှတ်တော်ထဲ၍ လုံနယ်ဝန်ကြီး မှအပ မွန်ပြည်နယ် အစိုးရတုဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး ရှိနေကြသည်။
မွန်ပြည်နယ်အတွင်း ပြုလုပ်နေသော လောင်းကစားဝိုင်းများမှာ အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် အရုပ်လှည့်ခြင်းတို့ဖြစ်သည်။
