ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးမျှော်လင့်ချက်ကြောင့် ကမ္ဘာ့ရေနံဈေး နှစ်ရက်ဆက် ကျ၊ သုံးလအတွင်း အနိမ့်ဆုံးဈေး ရောက်လာ

ဓာတ်ပုံ - Reuters

By Reuters

အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးနှင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး ကြားဖြတ်သဘောတူညီချက် ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ရေနံစျေးနှုန်းများ နှစ်ရက်ဆက်တိုက် ၅ ရာခိုင်နှုန်းခန့် ထိုးကျသွားခြင်းကြောင့် သုံးလအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း သိရသည်။

အင်္ဂါနေ့ စျေးပိတ်ချိန်တွင် ဘရန့်ဒ်ရေနံစိမ်း (Brent crude) ကြိုတင်အရောင်းအဝယ်စျေးနှုန်းသည် ၄ ဒေါ်လာ ၂၁ ဆင့် (၅ ဒသမ ၁ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး တစ်စည်လျှင် ၇၈ ဒေါ်လာ ၉၆ ဆင့် ဈေးကို ရောက်ခဲ့သည်။

ထို့ပြင် အမေရိကန် အနောက်တက္ကဆက် ရေနံစိမ်း (WTI) စျေးနှုန်းသည်လည်း ၄ ဒေါ်လာ ၇၀ ဆင့် (၅ ဒသမ ၈ ရာခိုင်နှုန်း) အထိ ထိုးကျသွားခဲ့ပြီး တစ်စည်လျှင် ၇၆ ဒေါ်လာ ၀၅ ဆင့်ဖြင့် စျေးပိတ်ခဲ့သည်။

အဆိုပါ စျေးပိတ်နှုန်းများသည် ဘရန့်ဒ်ရေနံစိမ်းအတွက် မတ်လ ၂ ရက်နေ့နောက်ပိုင်းနှင့် WTI ရေနံစိမ်းအတွက် မတ်လ ၄ ရက်နေ့နောက်ပိုင်း အနိမ့်ဆုံး စျေးနှုန်းများအဖြစ် ပြန်လည်ရောက်ရှိခဲ့ကြသည်။

Mizuho ဘဏ္ဍာရေးလုပ်ငန်း၏ စွမ်းအင်ကဏ္ဍဆိုင်ရာ ညွှန်ကြားရေးမှူး ဘော့ ယော်ဂါ Bob Yawger က ဟော်မုဇ်ရေလက်ကြား မကြာမီ ပြန်လည်ပွင့်တော့မည်ဟူသော ယူဆချက်ကြောင့် ရေနံစိမ်းစျေးနှုန်းများ အရှိန်အဟုန်ဖြင့် ကျဆင်းနေခြင်းဖြစ်ကြောင်း ပြောသည်။

အမေရိကန်-အီရန် စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံထောက်ပံ့မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်သည် အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသယ်ယူခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ထုတ်ဖော်ပြောဆိုခဲ့သည့် အဆိုပါ ကြားဖြတ်သဘောတူညီချက်တွင် အီရန်နိုင်ငံအား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရအောင် တားဆီးပိတ်ပင်မည့်အချက်နှင့် လက်မှတ်ရေးထိုးပြီးပါက အီရန်ကို ရေနံပြန်လည်ရောင်းချခွင့်ပြုမည့်အချက်များ ပါဝင်သည်။

ယင်းသဘောတူညီချက်အရ ပြီးခဲ့သည့် ဧပြီလက ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးမည်ဖြစ်ပြီး၊ အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ကတည်းက ပိတ်ဆို့ထားခဲ့သည့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်သည်။

သို့သော်လည်း သင်္ဘောလိုင်းများနှင့် စွမ်းအင်တင်ပို့မှုများ ပုံမှန်အခြေအနေ ပြန်ရောက်ရန် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်နိုင်သဖြင့် ကျွမ်းကျင်သူများအကြား သံသယများ ရှိနေဆဲဖြစ်သည်။

လီဘနွန်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေးအနေဖြင့် လက်ဘနွန်မှ မဆုတ်ခွာမချင်း အီရန်သည် အပြီးသတ်နျူကလီးယား သဘောတူညီချက်တွင် လက်မှတ်ရေးထိုးမည်မဟုတ်ဟု ပြောဆိုထားသည်။

စွမ်းအင်ဆိုင်ရာ အကြံပေးလုပ်ငန်း Ritterbusch and Associates ကလည်း နစ်နာကြေး၊ ပိတ်ဆို့အရေးယူမှုနှင့် နျူကလီးယားသဘောတူညီချက် စသည့် ခက်ခဲသောပြဿနာများကို လျစ်လျူရှုပြီး ယခုအစီအစဉ်အပေါ် အလွန်အကျွံ ယုံကြည်မှုလွန်ကဲနေကြကြောင်း ထောက်ပြခဲ့ကာ၊ သတင်းများကြောင့် Goldman Sachs၊ Morgan Stanley နှင့် Citi အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးများက ရေနံစျေးနှုန်း ခန့်မှန်းချက်များကို လျှော့ချခဲ့ကြသည်။

ရေနံစျေးနှုန်းအပေါ် ဖိအားပေးနေသည့် အခြားအချက်များတွင် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ စိုးရိမ်ပူပန်မှုများ၊ ကမ္ဘာ့ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်း မြင့်တက်လာမှုများအပြင်၊ ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးဖော်ဆောင်ရန် အမေရိကန်၏ တောင်းဆိုချက်များလည်း ပါဝင်နေသည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံ၏ ရေနံစိမ်းသန့်စင်ထုတ်လုပ်မှုသည် ပြီးခဲ့သည့်မေလတွင် ယခင်နှစ်ထက် ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကာ လေးနှစ်နီးပါးကာလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။