တောင်ကြီးက ကျောင်းသူကို မုဒိမ်းကျင့်သည့် ကျောင်းအုပ်သား ၅၀၅ ဖြင့် အမှုထပ်ဖွင့်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်သားကို ပုဒ်မ ၅၀၅ ကဖြင့်ပါ ထပ်မံအမှုဖွင့်ခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း အရွယ်မရောက်သေးသည့် ကျောင်းသူမိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်မှုနှင့်ပတ်သက်၍ အဆိုပါပုဂ္ဂလိကကျောင်းကို ပညာရေးဌာနက ရာသက်ပန် ပိတ်သိမ်းအရေးယူလိုက်ပြီး ဖြစ်သည်။

တပြိုင်နက်တည်းမှာပင် ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူ ကျောင်းအုပ်၏ သားဖြစ်သူကို မုဒိမ်းမှုအပြင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့်ပါ ထပ်မံအမှုဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း ယင်းကျောင်းနှင့်နီးစပ်သူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းရှိ အောင်မြေသစ် ပုဂ္ဂလိကကျောင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောင်း၌ အဆောင်နေ၍ ကျောင်းတက်နေသည့် Grade 12 ကျောင်းသူတစ်ဦးကို ကျောင်းပိုင်ရှင်၏သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဇာနည်သွေးက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဒီဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့က ဇာနည်သွေးကို ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေ မုဒိမ်းမှုပုဒ်မ ၃၇၆၊ ပြန်ပေးဆွဲမှု ပုဒ်မ ၃၆၃၊ ကာယိန္ဒြေပျက်စီးစေမှု ပုဒ်မ ၃၅၄ တို့ဖြင့် အမှုဖွင့်ခဲ့ရာမှ ယခုအခါ ပုဒ်မ ၅၀၅ ကိုပါ ထပ်မံတိုးမြှင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ကျောင်းပိုင်ရှင်မိသားစုနှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ ဇာနည်သွေး၏ လက်ကိုင်ဖုန်းကို သိမ်းဆည်းစစ်ဆေးရာတွင် တော်လှန်ရေးဘက်နှင့် ချိတ်ဆက်မှုရှိသည်ကို တွေ့ရှိရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် ထပ်မံအမှုဖွင့်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်အထိ အဆိုပါအမှုကို တရားရုံးတွင် ရုံးချိန်းများခေါ်ယူ၍ စစ်ဆေးနေဆဲဖြစ်ကာ အပြီးသတ်အမိန့် ချမှတ်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါကျောင်းကို အမှုစစ်ဆေးနေစဉ်အတွင်း စစ်အုပ်စုဘက်က ပိတ်ခိုင်းခဲ့သော်လည်း စာမေးပွဲများရှိနေသဖြင့် စာမေးပွဲများအပြီးတွင်မှ ရာသက်ပန် ပိတ်သိမ်းစေခဲ့ခြင်း ဖြစ်သည်။ ဒေသခံတစ်ဦးကမူ လူတစ်ယောက်၏ အမှားကြောင့် ကျောင်းတစ်ခုလုံးနှင့် ပိုင်ရှင်မိသားစုပါ ဘဝပျက်သွားရကြောင်း ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်က ပြဌာန်းထားသည့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအတွက် ဥပဒေအရ ကျောင်းတည်ထောင်ခွင့်၊ ဆရာမှတ်ပုံတင်ခွင့် မူဝါဒများနှင့်အတူ စည်းကမ်းချိုးဖောက်ပါက အရေးယူမည့် ပြစ်ဒဏ်များကို ပြဌာန်းထားပြီး ဖြစ်သည်။

ပြည်ထောင်စုအဆင့်တွင် ပညာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်နယ်အဆင့်တွင် လူမှုရေးဝန်ကြီးများက ကြီးကြပ်နေခြင်း ဖြစ်သည်။

သို့သော်လည်း လက်တွေ့မြေပြင်တွင် ပုဂ္ဂလိကကျောင်းအချို့၏ စီမံခန့်ခွဲမှုပိုင်း အားနည်းချက်များကြောင့် ယခုကဲ့သို့ ဘေးထွက်ဆိုးကျိုးများနှင့် ကြုံတွေ့နေရကြောင်း ပညာရေးအရာရှိများက ထောက်ပြကြသည်။

ပညာရေးဌာန အရာရှိတစ်ဦး၏ သုံးသပ်ချက်အရ ကိုယ်ပိုင်ကျောင်းများတွင် ဆရာအတတ်ပညာရှိသည့် အငြိမ်းစားများကိုသာ ကျောင်းအုပ်ခန့်ခွင့်ပြုထားသော်လည်း တည်ထောင်သူပိုင်ရှင်များကသာ တစ်ကျောင်းလုံးကို လွှမ်းမိုးထားသဖြင့် ကျောင်းအုပ်ကြီးများမှာ ရုပ်ပြဖြစ်နေကာ ပြဿနာများနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပညာရှင်ကို ပညာရှင်နေရာတွင်ထား၍ ဌာန၏ ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း၌ အောင်မြေသစ်ကျောင်းအပြင် စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် အခြားကိုယ်ပိုင်ကျောင်းအချို့ကို ပိတ်သိမ်းခဲ့ရခြင်းနှင့် ဒဏ်ငွေရိုက် အရေးယူခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ယခုကဲ့သို့ ကျောင်းသူမိန်းကလေးငယ်အပေါ် ကျူးလွန်သည့် ကိုယ်ကျင့်တရား ပျက်ပြားမှုဖြစ်စဉ်များကြောင့် ပုဂ္ဂလိကကျောင်းများ၏ လုံခြုံရေးနှင့် ကြီးကြပ်မှုစနစ်များအပေါ် ကျောင်းသားမိဘများအကြား ယုံကြည်မှု သိသိသာသာ လျော့နည်းကျဆင်းသွားခဲ့ရသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးနှင့် လုပ်ထုံးလုပ်နည်း စည်းကမ်းစနစ်ကျမှုမှာ တကယ့်ကို အရေးကြီးလှကြောင်း နိုင်ငံရေးနှင့် ပညာရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြဝေဖန်ထားကြသည်။

ဓာတ်ပုံ – လူမှုကွန်ရက်