By MPA
စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နှင့် ရဲဘော် ၃ ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ ၊အမှတ် ၁ စစ်ဒေသက ခေါ်ဆောင်သွားပြီးနောက် ယနေ့အချိန်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံတပ်ရင်း၊တပ်ဖွဲ့များထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တစ်နေရာ၌ စစ်ကိုင်း PDF ကွပ်ကဲရေးမှူး ကိုစစ်ငြိမ်းနိုင်၊ ရဲဘော်ပေါက်စ၊ ရဲဘော်အားကျူနှင့် ရဲဘော်ကျော်လေးတို့ ၄ ဦးကို အမှတ် ၁စစ်ဒေသမှူး ဒူပအောင်ဒွဲက တွေ့ဆုံချင်သည်ဟု ဆိုကာ ကသာခရိုင်ကွပ်ကဲရေး မှူး ဒူချွန်ဇော်ဆိုင်းက ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။
“အမှတ် ၁ စစ်ဒေသက လာခေါ်တာ သွားတာပါ။ ၂ ရက်လောက်ရှိပြီ အဆက်အသွယ်မရတော့ တာပါ။ ဘာကြောင့် ခေါ်ဆောင်သွားတယ်ဆိုတာလည်း သေချာမသိရပါဘူး” ဟု ဒေသခံ PDF ရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ အမှတ် ၁စစ်ဒေသဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသလို ကိုစစ်ငြိမ်းနိုင်နှင့် ရဲဘော်များ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုလည်း လက်ရှိအချိန်အထိ မသိရသေးပေ။
စစ်ကိုင်းဒေသအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုစနစ် (Command and Control – COC) အောက်သို့ ဝင်ရောက်ခြင်းမရှိသည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းလေ့ရှိသည့် ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့ဖူးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။
