ဆိပ်ဖြူမြို့ထိပ်တွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၁၀ ဦးသေဆုံးဟုဆို

ဓာတ်ပုံ-ပကဖ အသံ

မကွေးတိုင်း၊ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၀ဦး မျက်မြင်သေဆုံးကြောင်း ပကဖအသံက ယနေ့(ဇွန်၁၇ရက်) သတင်းထုတ် ပြန်သည်။

ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသော စစ်သား ၁၅ ဦးပါ ၆ ဘီးကား တစ်စီးနဲ့ ဗိုလ်ကြီးတစ်ဦး လိုက်ပါလာ သည့် အိမ်စီးကားတစ်စီးကို ဆိပ်ဲဖြူမြို့အဝင် (နပဲပင်ဖုတ်တက်) အရောက် ဇွန် ၁၆ ရက်နေ့ ညနေ ပိုင်း၌ တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုအပြီးတွင် MA1 သေနတ်၅လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ MA5 ပစ္စတို တစ်လက်၊ ကျည်အိမ် ၁၈ခု၊ ကျည် ၂၄၀၊ လက်ပစ်ဗုံး ၂လုံး၊ ဖုန်း တစ်လုံး၊ ငွေသား ၅၄၅,၀၀၀ ကျပ်နှင့် မှတ်ပုံတင် ၆ကတ်တို့ သိမ်းဆည်းရမိခဲ့ကာ ကား၂ စီးစလုံး ပျက်စီးသွားကြောင်း ပကဖအသံက ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဆိပ်ဖြူမြို့နယ် ၁၀မိုင်စစ်ဆေးရေးဂိတ်ဘက်မှ စစ်ကူကား ၅ စီး ရောက်ရှိလာခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အခုတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း (NSP) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၃ ၊ အမှတ် ၆ တပ်ရင်း၊ MGY၊ အမှတ် ၇ တပ်ရင်းနှင့် အမှတ် ၁၇ တပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။