တရုတ်ကျောထောက်နောက်ခံဖြင့် MNDAA က မြန်မာ့ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် အပါအဝင် အဆင့်မြင့်ကောလိပ်များ ဖွင့်လှစ်မည်

ဓာတ်ပုံ - MNDAA

By MPA

တရုတ်-မြန်မာနယ်စပ် ဩဇာလွှမ်းမိုးမှုများနှင့်အတူ မြေပြင်အုပ်ချုပ်ရေးယန္တရားကို ခိုင်ခိုင်မာမာ တည်ဆောက်ထားသည့် ကိုးကန့်ဒေသ အထူးဒေသ (၁) အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး AI စနစ်သုံး ဆေးတက္ကသိုလ် အပါအဝင် အဆင့်မြင့်ကောလိပ်များကို လာမည့် ၂၀၂၆ ခုနှစ် ကုန်ပိုင်းမှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကျောထောက်နောက်ခံ ပံ့ပိုးမှုများကြောင့် ဒေသတွင်း အသာစီးရလျက်ရှိသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ကျောင်းသား၊ ကျောင်းသူများ၏ အဆင့်မြင့်ပညာရေး ကွာဟချက်ကို ဖြည့်ဆည်းရန်နှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရန်အတွက် ပညာရေးမျက်နှာစာကို နည်းပညာမြင့်မားစွာဖြင့် အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။

လက်ရှိတွင် တက္ကသိုလ်များ၏ ဖွဲ့စည်းပုံများ ရေးဆွဲခြင်းနှင့် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပမှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် ပညာရှင်များ စုပေါင်း၍ အားစိုက်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း အောက်ပါ အဆင့်မြင့်ပညာသင်ကျောင်းကြီး ၄ ခုကို အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု ဆိုသည်။

လောက်ကိုင်မြို့တွင် ဖွင့်လှစ်မည့် ဆေးတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပထမဆုံး AI နည်းပညာ ပေါင်းစပ်သင်ကြားမည့် တက္ကသိုလ်ဖြစ်ပြီး၊ ယင်းဆေးတက္ကသိုလ်အောက်တွင် ဆေးပညာကျောင်း၊ သူနာပြုကျောင်းနှင့် ကျန်းမာရေးသိပ္ပံကျောင်းဟူ၍ ကျောင်း ၃ ကျောင်း ပါဝင်မည်ဖြစ်သည်ဟု MNDAA က အသိပေးထားသည်။

တက္ကသိုလ်၏ ကျောင်းအုပ်ကြီးအဖြစ် နိုင်ငံတကာအတွေ့အကြုံရှိ ကမ္ဘာ့အဆင့် ပါမောက္ခတစ်ဦးက တာဝန်ယူမည်ဖြစ်ကာ အထူးဒေသတွင်းမှ အထူးကုဆရာဝန် ၃၀ ကျော်က ဦးဆောင်သင်ကြားပေးမည်ဖြစ်ကြောင်း ဆိုထားသည်။

ဆေးပညာကျောင်းကို ၂၀၂၇ ခုနှစ် နှစ်ဦးပိုင်းတွင် ကျောင်းသား ၅၀ ခန့်ဖြင့် စတင်ဖွင့်လှစ်ပြီး အနည်းဆုံး ၅ နှစ်ခွဲ တက်ရောက်ရမည့် AI စနစ်သုံး သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားမည်ဖြစ်ကာ၊ သူနာပြုကျောင်းကိုမူ လာမယ့် ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် ကျောင်းသား ၅၀ ဖြင့် စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု သိရသည်။

လူငယ်များ အလုပ်အကိုင်ရရှိစေရန်အတွက် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ စက်မှုနှင့် မော်တော်ယာဉ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက်နည်းပညာရပ်များကို အထက်တန်းပညာရေးနှင့် တွဲဖက်သင်ကြားပေးမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ရန် လျာထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PhD နှင့် MSc ဘွဲ့ရ ဆရာ၊ ဆရာမကြီးများ ဦးဆောင်မည့် ဤကောလိပ်ကို ၂၀၂၆ ခုနှစ် နှောင်းပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဒေသတွင်းရှိ ဆရာ၊ ဆရာမများကို အရင်ဆုံး လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်ဟုလည်း အသိပေးသည်။

နိုင်ငံတကာအဆင့်မီ ကွန်ပျူတာပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ဤတက္ကသိုလ်ကို ၂၀၂၇ ခုနှစ် နှောင်းပိုင်းတွင် ဖွင့်လှစ်ရန် လျာထားပြီး လက်ရှိတွင် မြေနေရာရွေးချယ် ပြင်ဆင်မှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာပြည်တွင်းရှိ အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံရေးနှင့် စစ်ရေးအရ အကျပ်ရိုက်နေမှုကို ကုစားရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များကို အာကာသမှ ထောက်လှမ်းနိုင်ရန်အတွက် တရုတ်နိုင်ငံ၏ အာကာသနည်းပညာများနှင့် ဂြိုဟ်တုစနစ်များကို အပူတပြင်း အသုံးချလိုသဖြင့် ‘တရုတ်နှင့်ပေါင်းကာ ဂြိုဟ်တုလွှတ်တင်ရန်’ နေပြည်တော်၌ တရားဝင် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားထားသည်။

ဒါဟာ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပဋိပက္ခအတွင်း၌ တစ်ဖက်က စစ်အုပ်စုကို နည်းပညာနှင့် စစ်ရေးအရ ထောက်တိုင်အဖြစ် အသုံးချခွင့်ပေးထားပြီး၊ အခြားတစ်ဖက်တွင်မူ ၎င်း၏ နယ်စပ်ဩဇာခံ ညီနောင်မဟာမိတ် ဖြစ်သည့် MNDAA ကို ဒေသတွင်း တည်ငြိမ်အေးချမ်းသည့် အုပ်ချုပ်ရေးယန္တရားနှင့် မြန်မာ့ပထမဆုံး AI တက္ကသိုလ်အထိ ထူထောင်နိုင်ရန် မျက်နှာသာပေးထားသည့် ‘နှစ်ဖက်ခွ မဟာဗျူဟာ’ ကို ထင်ထင်ရှားရှား မြင်တွေ့နေရခြင်း ဖြစ်သည်။

စစ်အုပ်စုက တရုတ်၏အကူအညီဖြင့် စစ်ရေးအတွက် ဂြိုဟ်တုလွှတ်တင်ရန်သာ အာရုံစိုက်နေချိန်တွင် MNDAA အနေဖြင့် တရုတ်၏ စစ်ရေး၊ နိုင်ငံရေး ကျောထောက်နောက်ခံကို အမိအရရယူကာ ဒေသတွင်းလူငယ်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးခြေလှမ်းသစ်ကို လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အနှစ်ချုပ်ရလျှင် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုအရှိန်အဝါဖြင့် ရပ်တည်နေသည့် MNDAA က အထူးဒေသ (၁) အတွင်း၌ ယခုကဲ့သို့ အဆင့်မြင့်ပညာရေးကဏ္ဍကို ပြင်ဆင်လာခြင်းသည် စစ်အုပ်စု၏ ပျက်စီးနေသော ပြည်တွင်းပညာရေးစနစ်ကို စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး၊ ဒေသတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာလာမှုကို ပြသရာရောက်ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ထားကြသည်။