တောင်သာတွင် PLA ထောင်ထားသောမိုင်းထိပြီး PDF ရဲဘော် ၃ ဦး ကျဆုံး၊ ဒေသခံပြည်သူတစ်ဦးကို PLA ဖမ်းဆီးကာ ကားနှင့်ဆိုင်ကယ်များ သိမ်းဆည်းခဲ့ခြင်းကြောင့် ပြဿနာဖြစ်ပွားဟုဆို

မန္တလေးတိုင်း၊တောင်သာမြို့နယ်အတွင်း PLA မိုင်းထိပြီး PDFရဲဘော်၃ဦး ကျဆုံးသွားကြောင်း သိရသည်။

ယနေ့(ဇွန်၂၂ရက်)မွန်းလွဲ ၂နာရီခွဲခန့်က တောင်သာမြို့နယ်အတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ် မတော် PLA စခန်းအနီးတွင် မိုင်းထိခြင်းဖြစ်ကြောင်း ဒေသခံ PDFရဲဘော်တစ်ဦးက ပြောကြားခဲ့ပြီး PLA တာဝန်ရှိသူကလည်း မိုင်းထိခြင်းမှာ မှန်ကန်ကြောင်း ပြောသည်။

“ဟုတ်ကဲ့ခင်ဗျ၊အဲဟာကတော့ ကျနော်တို့ စခန်းလုံခြုံရေးအတွက် ပုံမှန်ထောင်ထားတဲ့ မိုင်းတွေပါပဲ။ သူတို့က ဝင်ရောက်စီးနင်းတဲ့အချိန်မှာ ကျနော်တို့ရဲဘော်တွေ အလျင်အမြန်စွန့်ခွာရတဲ့အချိန်မှာ မိုင်း ရှင်းလင်းဖို့ ကျနော်တို့ အချိန်မီ မလုပ်နိုင်ဘူးဖြစ်သွားတယ်။ အဲဒီအတွက် ကျနော်တို့ လောလော ဆယ်ကြားရတာကတော့ PDFရဲဘော်တွေ ထိခိုက်မှုရှိတယ်လို့ သိရတယ်။ အဲဒီအတွက်လည်း ကျနော်တို့ တော်တော်လေး စိတ်ထိခိုက်ရတယ်။ စိတ်မကောင်းဖြစ်ရတယ်”ဟု PLA တာဝန်ရှိသူတစ် ဦးက MPAသို့ပြောသည်။

မိုင်းများမှာ ရန်သူစီးနင်းမှုကို ကာကွယ်ရန် စခန်းလုံခြုံရေးအတွက် ပုံမှန်ထောင်ထားသည့်မိုင်းများ သာ ဖြစ်ပြီး PDFတို့ကို ရည်ရွယ်ကာ ထောင်ထားခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။

PDF တို့က PLAစခန်းကို ဝင်ရောက်စီးနင်းသည်ဟု ဆိုသော်လည်း PDF ဘက်က သေနတ်ပစ်ခတ် စီးနင်းခြင်းလုံးဝမရှိသလို PLA ဘက်ကလည်း ပစ်ခတ်မှုမရှိပေ။

“စခန်းစီးတယ်ဆိုတာ ပစ်ခတ်တဲ့သဘော သက်ရောက်တယ်လေ။ဘာသေနတ်မှ ပစ်တာမျိုး လုံးဝ မရှိဘူး။PDF ရဲဘော်တွေ ကျသွားပေမဲ့ ဒီနေ့ညနေပိုင်းထိလည်း PDF ဘက်က ပစ်တာခတ်တာ လုံးဝ မရှိဘူး”ဟု ဒေသခံ PDF ရဲဘော်တစ်ဦးက ဆိုသည်။

ယခု ပြဿနာ၏ အစမှာ မေလ၂၆ရက်၊ည ၁၀နာရီကျော်တွင် တောင်သာမြို့နယ်၊ဝဲလောင်ရွာရှိ ကို သန်းဌေးအောင်ကို PLAတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ခရီးသည်တင်အံစာတုံးကားတစ်စီး၊ ဆိုင် ကယ်၂စီးနှင့် အိမ်စာချုပ်တို့ကိုပါ သိမ်းဆည်းသွားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ကိုသန်းဌေးအောင် ၏မိသားစုဝင်တို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)သို့ အကူအညီတောင်းခံခဲ့ရာ ပလဖ က NUGအ စိုးရ၊မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ထံ တင်ပြခဲ့ကြောင်း ခရိုင်ကွပ်ကဲရေးအဖွဲ့က ကိုသန်းဌေးအောင်ကို ပြန်လွှတ်ပေး ရန် PLA ထံ တောင်းဆိုသော်လည်း ပြန်မလွှတ်သဖြင့် PLA စခန်းဆီသို့ PDF တို့ သွား ရောက်ခြင်းဖြစ်ကြောင်း ဒေသခံ PDFရဲဘော်က ပြောသည်။

ကိုသန်းဌေးအောင်ကို ဖမ်းဆီးခြင်းနှင့် ကား၊ဆိုင်ကယ်၂စီးနှင့်အိမ်စာချုပ်တို့ သိမ်းဆည်းသွားခြင်းကို PLA တာဝန်ရှိသူက ဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

PLAက ဖမ်းဆီးမိခဲ့သော ရဲတပ်သားတစ်ဦး၏ ထွက်ချက်အရ ကိုသန်းဌေးအောင်ကို ရန်သူ့ထံ သ တင်းပေးမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ပစ္စည်းများကို သက်သေခံပစ္စည်းအနေနှင့် သိမ်းဆည်းခြင်းဟု ၎င်း ကပြောသည်။

“သူကိုယ်တိုင်ရဲ့ ဝန်ခံထွက်ဆိုချက်တွေလည်း ကျနော်တို့ဆီမှာ ရှိပါတယ်ဗျ”ဟု ၎င်းက ပြောသည်။

PDF ရဲဘော်ကမူ ကိုသန်းဌေးအောင်သည် ရန်သူ့သူလျှို လုံးဝမဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး ယနေ့ နံ နက်ပိုင်းတွင် ဒဏ်ရာများဖြင့် ပြန်လွတ်လာကြောင်း ပြောသည်။

“ကျနော်တို့ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တယ်။လုပ်ခဲ့ပြီးတော့ သူ့ရဲ့ပေါ့နော်။ သူကျူးလွန်ထားတဲ့ ပြစ်မှုတွေကလည်း တစ်စုံတစ်ရာပေါ့နော်။သတိပေးပြီးတော့ပေါ့နော်။သူ့ကို နယ်မြေထဲမှာပဲ ပြန်ပြီးတော့ ခြေချခွင့်ပေးထားတယ်။ဒီမနက်ကပဲ ကျနော်တို့ ပြန်လွှတ်ခဲ့ပြီးတော့ ဖြစ်တယ်ခင်ဗျ”ဟု PLAတာဝန်ရှိသူက ပြောသည်။

PLA သိမ်းဆည်းထားသည့် ပစ္စည်းများကို အဆင့်ဆင့် ပြန်လည် လွှဲပြောင်းပေးအပ်သွားမည်ဟုလည်း ဆိုသည်။

PLA က ကျပ်သိန်း၂၀၀၀ မပေးလျှင် ကိုသန်းဌေးအောင်ကို ပစ်သတ်မည်ဟု မိသားစုဝင်များကို ခြိမ်း ခြောက်ခဲ့ကြောင်း PDF ရဲဘော်က ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်ပြီး PLA တာဝန်ရှိသူထံ မေးမြန်းခဲ့ရာ ယနေ့ည ၈နာရီဝန်းကျင်အထိ ပြန်လည်ဖြေ ကြားခြင်းမရှိသေးပေ။