ဥရောပ၌ စံချိန်တင်အပူလှိုင်းကြောင့် ပြင်သစ်တွင် ကလေးငယ် ၂ ဦးအပါအဝင် ၁၈ ဦးထက်မနည်း သေဆုံး

By Reuters

ဥရောပတိုက်တစ်ခွင်၌ ပြင်းထန်သော အပူလှိုင်းကျရောက်နေသဖြင့် မြို့ကြီးအများအပြားတွင် အပူချိန်စံချိန်များ အသီးသီးကျိုးပျက်လျက်ရှိရာ ပြင်သစ်နိုင်ငံ၌ ပူပြင်းသည့်ကားအတွင်း ပိတ်မိခဲ့သော ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံး လူပေါင်း ၁၈ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အပူလှိုင်းဒဏ်ကြောင့် ပြင်သစ်နိုင်ငံရှိ စာသင်ကျောင်းများကို ပိတ်ထားရခြင်း သို့မဟုတ် ကျောင်းတက်ချိန်ဇယားများ ပြောင်းလဲခြင်းတို့ကို လုပ်ဆောင်နေရပြီး၊ ဗြိတိန်နိုင်ငံတွင်လည်း ယခုသီတင်းပတ်အတွင်း ဇွန်လ၏ သမိုင်းဝင်အပူဆုံးစံချိန်များ ကျိုးပျက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။

ပြင်သစ်နိုင်ငံအနောက်ပိုင်း ဝိုင်စိုက်ပျိုးရာ ဘော်ဒိုး (Bordeaux) ဒေသတွင် အပူချိန်သည် ၄၁ ဒသမ ၉ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး ပြီးခဲ့သည့်ဩဂုတ်လက စိုက်ထူခဲ့သော စံချိန်ဟောင်းကို ကျော်လွန်သွားခဲ့သလို၊ ပြင်သစ်အလယ်ပိုင်း ပွားတီးယား (Poitiers) မြို့တွင်လည်း အပူချိန် ၄၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သဖြင့် ၁၉၄၇ ခုနှစ်က တင်ခဲ့သည့် အမြင့်ဆုံးစံချိန်ထက် ကျော်လွန်သွားခဲ့သည်။

ထို့ပြင် စပိန်နိုင်ငံမြောက်ပိုင်း ဆန်ဆီဘက်စတီယန် (San Sebastian) မြို့တွင်လည်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ရာ ၎င်းမှာ ဇွန်လ ၂၂ ရက်နေ့၏ သမိုင်းဝင်ပျမ်းမျှအပူချိန်ထက် နှစ်ဆကျော် မြင့်တက်နေခြင်းဖြစ်သည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ၏ ဧပြီလထုတ်ပြန်ချက်အရ ဥရောပတိုက်သည် ကမ္ဘာ့ပျမ်းမျှနှုန်းထက် နှစ်ဆပိုမိုမြန်ဆန်စွာ ပူနွေးလာနေကြောင်း သိရသည်။

ပြင်သစ်အရှေ့တောင်ပိုင်း ကာပန်ထရပ်စ် (Carpentras) မြို့၌ အသက် ၂ နှစ်နှင့် ၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးသည် အိမ်ရှေ့တွင်ရပ်ထားသည့် ကားအတွင်း သတိလစ်နေသည်ကို မိခင်ဖြစ်သူက တွေ့ရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက အသက်ကယ်ရန် ကြိုးပမ်းခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း အစိုးရရှေ့နေက ပြောကြားသည်။

ထို့ပြင် ဘော်ဒိုးဒေသ၌လည်း အသက် ၈၀ မှ ၉၅ နှစ်ကြားရှိ သက်ကြီးရွယ်အို ၃ ဦးသည် အပူလှိုင်းကြောင့် ဖြစ်ပွားသည့် ကျန်းမာရေးချို့ယွင်းမှုဖြင့် သေဆုံးခဲ့သည်။

တဖန် ပြင်သစ်နိုင်ငံတွင် အပူဒဏ်သက်သာစေရန် ရေဆင်းကူးကြရင်း တနင်္ဂနွေနေ့မှ တနင်္လာနေ့အတွင်း လူ ၁၃ ဦး ရေနစ်သေဆုံးခဲ့သည်။

ထို့နောက် အရပ်ဘက်လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျရုမ်း ဘိုလန်ဂါ (Jerome Boulanger) က “စောင့်ကြည့်လူနာတင်အဖွဲ့ရှိတဲ့ နေရာတွေမှာပဲ ရေကူးကြပါ” ဟု သတိပေးနှိုးဆော်ထားသည်။

လွန်ခဲ့သည့်နှစ် အပူလှိုင်းဖြတ်သန်းစဉ်အတွင်း ပြင်သစ်၌ ရေနစ်သေဆုံးမှုနှုန်းသည် ၁၇၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖူးသည်။

လန်ဒန် အင်ပီရီယယ် ကောလိပ်မှ ရာသီဥတုပညာရှင် ကလဲယား ဘန်းစ် (Clair Barnes) ၏ အဆိုအရ ယခုအပူလှိုင်းသည် အာဖရိကမြောက်ပိုင်း ဆဟာရသဲကန္တာရမှ အပူရှိန်များကို ဥရောပထဲသို့ ဆွဲသွင်းကာ လေထုပိတ်ဆို့နေသည့် ‘အိုမီဂါအပူလှိုင်း’ (Omega block) ပုံစံဖြစ်ပြီး၊ ရွေ့လျားမှုအလွန်နှေးကွေးကာ လေတိုက်ခတ်မှုမရှိသဖြင့် အပူရှိန် အလွန်ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူလှိုင်းများနှင့် မုန်တိုင်းများ၏ ပြင်းအားမှာ ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။

ဗြိတိန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ လေးရက်ကြာမြင့်မည့် ယခုအပူလှိုင်းကြောင့် အချို့နေရာများတွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထက် ရောက်ရှိနိုင်ပြီး၊ ၁၉၅၇ ခုနှစ်နှင့် ၁၉၇၆ ခုနှစ်က တင်ခဲ့သည့် ဇွန်လအပူဆုံးစံချိန် ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ကို လွယ်လွယ်ကူကူ ကျော်လွန်သွားမည်ဖြစ်သည်။

ပြင်သစ်မိုးဇလဌာန၏ ပဏာမအချက်အလက်များအရ ပါရီမြို့တွင်လည်း ဇွန်လအတွက် အမြင့်ဆုံးအပူချိန် ၃၈ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ ရှိလာနိုင်ကြောင်း သိရသည်။ စပိန်မိုးဇလအေဂျင်စီ (AEMET) ကလည်း ယခုနှစ်၏ ပုံမှန်အပူချိန်ထက် ၅ ဒီဂရီမှ ၁၀ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုမြင့်တက်နေကြောင်း ပြောကြားသည်။

အီတလီနိုင်ငံတွင်လည်း တနင်္လာနေ့က မြို့ကြီး ၁၂ မြို့အတွက် ‘အနီရောင်အဆင့် အပူလှိုင်းသတိပေးချက်’ ထုတ်ပြန်ခဲ့ရပြီး၊ တူရင် (Turin) မြို့၌ လျှပ်စစ်ဓာတ်အားလိုင်းများ အလွန်အမင်း ဝန်ပိနေသဖြင့် လျှပ်စစ်မီးပြတ်တောက်မှုများကို ဖြေရှင်းရန်အတွက် အလုပ်သမား အဆိုင်းများကို နှစ်ဆတိုးမြှင့်ကာ မီးစက်များ ထပ်မံဖြည့်တင်းနေရသည်။

ဘယ်လ်ဂျီယံနိုင်ငံ တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစခန်း တည်ထောင်သူ ရိုမိန်း ဒီ ဂျေဂါ (Romaine de Jaegere) ၏ ပြောကြားချက်အရ အိမ်ခေါင်မိုးများအောက်၌ အသိုက်လုပ်လေ့ရှိသည့် ပျံလွှားနှင့် စာကလေးငှက်ငယ်များသည် အမိုးပေါ်၌ အပူချိန် ၅၀ မှ ၆၀ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းလာခြင်းကြောင့် အသိုက်ထဲတွင်တင် မပြုတ်အိသွားစေရန် အောက်သို့ ခုန်ချနေကြသဖြင့် ပြီးခဲ့သည့် ၃ ရက်အတွင်း ငှက်ကောင်ရေ ၁၅၀ ခန့်ကို ကယ်ဆယ်ထားရကြောင်း သိရသည်။

ဓာတ်ပုံ – Reuters