မွန်ပြည်နယ်လွှတ်တော်၏ အတည်ပြုခဲ့သော လောင်းကစားပိတ်ပင်ရေးဆုံးဖြတ်ချက်ကို လုံနယ်ဝန် ကြီးနှင့် အပေါင်းအပါတို့က အဖက်မလုပ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြု ထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်း ကစားဝိုင်းများ တားဆီးပိတ်ပင်ပေး ရေးအဆိုကို ဇွန်လ ၁၉ ရက်၌ မွန်ပြည်နယ်လွှတ်တော်က အ တည်ပြုလိုက်သော်လည်း မော်လမြိုင်၊ပေါင်၊ချောင်းဆုံနှင့် မုဒုံတို့တွင် လောင်းကစား ဝိုင်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသတွင်း မီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။
“မော်လမြိုင်မှာ ကြိတ်ဝိုင်းတွေရှိတယ်။မုဒုံက ကျောက်တစ်လုံးမှာလည်း ပေါ်တင်ဆက်လုပ်နေ တယ်။ပေါင်က ရွာတွေမှာ လုပ်နေတယ်။ချောင်းဆုံတော့ ကျနော်သေချာမသိဘူး”ဟု မော်လမြိုင်မြို့ ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
အစိုးရတုလက်ထက်တွင် မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများကို မွန်ပြည်နယ်အစိုးရတု၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က တာဝန်ယူကာ ဆက်လက်လုပ် ဆောင်ခဲ့သောကြောင့် လွှတ်တော်က အတည်ပြုပြီးနောက် လောင်းကစားဝိုင်းများ ဆက်ရှိနေခြင်း မှာ ကျော်စွာမြင့်၏ တာဝန်ခံမှုကြောင့်ပင် ဖြစ်နိုင်ကြောင်း သိရသည်။
“လွှတ်တော်မှာတောင် တိုင်းသိပြည်သိ အတည်ပြုထားတဲ့ကိစ္စကို ဗြောင်ချိုးဖောက်နေတယ်ဆိုတာ သာမန်အဆင့်နဲ့ မချိုးဖောက်ရဲဘူး။လုံနယ်ဝန်ကြီး ခွင့်ပြုလို့ ဆက်လုပ်နေကြတာလို့ပဲ ကျနော်တို့ နားလည်ကြတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
လွှတ်တော်တွင် အဆိုမတင်ခင်က ဇာတ်ပွဲနှင့်တွဲကာ လောင်းကစားဝိုင်းများ ပြုလုပ်ခဲ့ကြပြီး လွှတ် တော်၌ လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ပေး ရေးအဆိုကို အတည်ပြုပြီးနောက် ဇာတ်ပွဲမ သွင်းတော့ဘဲ လောင်းကစားဝိုင်းသီးသန့်လုပ်နေကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၊သက္ကောရွာ တောလမ်းတွင် ဖွင့်လှစ်ထားသော မိုးလုံလေလုံ လောင်းကစားရုံကို ဇွန်၂၀ရက်မှစတင်ကာ ပိတ်သိမ်းခဲ့ကြောင်း သက္ကောရွာအနီးနေ ပြည်သူတစ်ဦးက ဆိုသည်။
“ပိတ်တယ်ဆိုပေမဲ့ ရုံကို ဖျက်ဆီးပစ်တာမျိုးတော့ မဟုတ်ဘူး။လောင်းကစားရုံကို ဝါးနဲ့ လုပ်ထား တာ”ဟု ၎င်းက ပြောသည်။
လောင်းကစားဝိုင်းများ ပိတ်ပင်တားဆီးရေးအဆိုကို မွန်ပြည်နယ်အခြေစိုက် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီဥက္ကဌ၊ကျိုက်မရောပြည်နယ်လွှတ်တော်အမတ် သန့်ဇော်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုအား လွှတ်တော်က အတည်ပြုလိုက်ပြီးနောက် မွန်ပြည်နယ်အစိုးရတု၏ ဝါဒဖြန့်မီဒီယာ Yarmanya Times က ကျိုက်မရောပြည်နယ်လွှတ်တော်အမတ်များသည် လောင်းကစားဝိုင်းမှ လိုင်းကြေးယူထားကြောင်း ခိုင်လုံသော အချက်အလက် များမပါဘဲ စွပ်စွဲရေးသား တိုက်ခိုက်ခဲ့ သေး သည်။
