တောင်သာဖြစ်စဉ်နှင့်ပတ်သက်၍ NUG နှင့် PLA တို့ အပြန်အလှန်စွပ်စွဲပြစ်တင်၊ ကွဲလွဲမှုများရှိနေ

By MPA

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း လူပုဂ္ဂိုလ်တစ်ဦးကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးအဖွဲ့များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လျက်ရှိသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန(MoD)ဘက်က ယမန်နေ့ ဇွန်လ ၂၂ ရက် ညနက်ပိုင်းတွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သလို PLA ဘက်ကလည်း ယနေ့ ဇွန်လ ၂၃ ရက်မနက်ပိုင်းတွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

ထို ထုတ်ပြန်ချက်နှစ်ခုလုံးတွင် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲပြစ်တင်ထားကြသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ညပိုင်းက တောင်သာမြို့နယ်၊ ဝဲလောင်းကျေးရွာအုပ်စုအတွင်း နေထိုင်သူ တစ်ဦးကို PLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသူနှင့် ပတ်သက်၍ PLA နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန (MoD) တို့အကြား စွပ်စွဲချက်နှစ်မျိုး ကွဲပြားနေသည်။

PLA ၏ ထုတ်ပြန်ချက်တွင် အဆိုပါဖမ်းဆီးခံရသူမှာ အာဏာသိမ်း စစ်တပ်၏ သတင်းပေး (ဒလန်) ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများကို ဝဲလောင်စခန်းမှူးထံ ပုံမှန်သတင်းပို့နေသူဖြစ်ကြောင်း ဆိုသည်။

၎င်း၏ ဇနီးဖြစ်သူက တရားခံကို လွှတ်ပေးရန်အတွက် ငွေကျပ်သိန်းရာချီမှ သိန်းထောင်ချီအထိ ပေးကမ်းကာ လာရောက်ညှိနှိုင်းခဲ့သော်လည်း မိမိတို့ဘက်က ငြင်းပယ်ခဲ့ကြောင်း စွပ်စွဲဖော်ပြထားသည်။

သို့သော်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်တွင်မူ ဖမ်းဆီးခံရသူမှာ (ပြည်သူ့လုံခြုံရေးအရ အမည်လွှဲ) ဦးသန်း ဆိုသူဖြစ်ပြီး ၎င်းသည် ယာဉ်မောင်းတစ်ဦးသာဖြစ်ကာ ဒလန်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ထို့ပြင် PLA ဘက်က ဇွန်လ ၁၉ ရက်နေ့တွင် ငွေကျပ်သိန်းနှစ်ထောင် မပေးပါက ဦးသန်းအား သတ်ပစ်မည်ဟု ၎င်း၏ဇနီးထံ ခြိမ်းခြောက်ငွေညှစ်ခဲ့သဖြင့် တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ထံ လာရောက်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း တုံ့ပြန်စွပ်စွဲထားသည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခံရသူကို ပြန်လွှတ်ပေးရန်နှင့် ပစ္စည်းများကို ပြန်လည်အပ်နှံရန် စာပေးပို့တောင်းဆိုခဲ့သော်လည်း PLA ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း ဆိုသည်။

ထို့နောက် ဇွန်လ ၂၂ ရက် ယမန်နေ့တွင် အဆိုပါဖမ်းဆီးခံရသူကို PLA က ပြန်လွှတ်ပေးခဲ့သော်လည်း ဝဲလောင်းရွာနှင့် ရွာသစ်ရွာကြားတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများနှင့်အတူ သတိလစ်နေခဲ့သည့်အခြေအနေဖြင့် ပြန်လည်တွေ့ရှိခဲ့ရပြီး ပြည်သူပိုင်ပစ္စည်းများနှင့် ငွေသားများကိုမူ အပ်နှံခြင်းမရှိသေးကြောင်း NUG/MoD ဘက်က ဆိုသည်။

အခြားတစ်ဖက်တွင် PLA ဘက်ကမူ ၎င်းတို့ဖမ်းဆီးထားသည့် ရဲတပ်သားတစ်ဦးနှင့် ၎င်း၏ဇနီးကို ဇွန်လ ၁၈ ရက်နေ့တွင် တောင်သာ ပကဖ ထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ သတင်းပေးတရားခံကိုလည်း သတိပေးကာ မိသားစုထံ ပြန်လွှတ်ခဲ့ပြီး ငွေကြေးတစ်စုံတစ်ရာ လက်ခံခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

ထို့ပြင် တောင်သာ ပကဖ ဘက်မှ ၎င်းတို့ထံ ရန်လိုသည့်အသွင်ဖြင့် ခြိမ်းခြောက်စာ ပေးပို့လာပြီးနောက် ဇွန်လ ၂၁ ရက်နေ့မှစ၍ NUG လက်အောက်ခံ မြင်းခြံခရိုင်ကွဲကဲရေးအဖွဲ့က အင်အား (၅၀၀) ခန့်ဖြင့် PLA စခန်းများကို ဝိုင်းဝန်းပိတ်ဆို့ခြင်းနှင့် စခန်းများကို ဝင်ရောက်စီးနင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထားသည်။

PLA အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းချင်း ထိတွေ့တိုက်ပွဲ မဖြစ်လိုသဖြင့် စခန်းများမှ ဆုတ်ခွာခဲ့ရပြီး ကူညီပေးနေသည့် ပြည်သူအချို့နှင့် ရဲဘော်တစ်ဦး၏ အစ်မဖြစ်သူကိုပါ သေနတ်ထောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ယနေ့ ဇွန်လ ၂၃ ရက်မနက်ပိုင်း PLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

NUG/MoD ၏ ထုတ်ပြန်ချက်တွင်မူ သဘောတူညီချက်အရ ခရိုင်အတွင်းမှ ထွက်ခွာသွားသည့် PLA စခန်းများကို ၎င်းတို့၏ ရဲဘော်များ ဝင်ရောက်စဉ် PLA ဘက်က ရည်ရွယ်ချက်ရှိရှိ မိုင်းများထောင်ထားခဲ့သဖြင့် ကာကွယ်ရေးရဲဘော် ၄ ဦး မိုင်းဒဏ်ရာဖြင့် ကျဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသတွင်း ကာကွယ်ရေးရဲဘော်တစ်ဦးကတော့ PDF ရဲဘော်များ ကျဆုံးသွားခဲ့ရသည့်တိုင်အောင် ပကဖများဘက်က ပစ်ခတ်တိုက်ခိုက်မှုတစ်ခုမျှ မလုပ်ခဲ့ကြောင်း MPA ကတစ်ဆင့် ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့က ရှင်းပြပြောဆိုထားသည်။

ထို့ပြင် PLA က ခြိမ်းခြောက်ခြင်းမရှိကြောင်း ထုတ်ပြောထားသော်လည်း ဒေသတွင်းရဲဘော်ကတော့ ကျပ်သိန်း ၂၀၀၀ မပေးလျှင် ကိုသန်းဌေးအောင်ကို ပစ်သတ်မည်ဟု မိသားစုဝင်များအား ခြိမ်းခြောက်ခဲ့ကြောင်း MPA ထံ ပြောသည်။

PLA တာဝန်ရှိသူကလည်း ကိုသန်းဌေးအောင်ကို ဖမ်းဆီးခြင်းနှင့် ကား၊ ဆိုင်ကယ် ၂ စီးနှင့် အိမ်စာချုပ်တို့ကို သိမ်းဆည်းသွားသည်မှာ ဟုတ်မှန်ကြောင်း MPA ကို ယမန်နေ့က ပြောကြားထားသည်။

လက်ရှိတွင် PLA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေသော်လည်း ယခုကဲ့သို့ အင်အားသုံး ဖိအားပေး စီးနင်းမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းအဖြေရှာမည့် မူကိုသာ ကိုင်စွဲထားကြောင်း အသိပေးထားသည်။

တစ်ဖက်တွင်လည်း NUG/MoD က PLA နှင့်ပတ်သက်၍ ပြည်သူများထံမှ တိုင်ကြားထားသည့် နောက်ဆက်တွဲဖြစ်စဉ်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ဆိုထားသည့်အတွက် တောင်သာမြို့နယ်အတွင်း အဖွဲ့အစည်းနှစ်ခုအကြား တင်းမာမှုများ ဆက်လက်ရှိနေနိုင်ကြောင်း သုံးသပ်ရသည်။

အထက်ပါ ထုတ်ပြန်ချက်များနှင့် မြေပြင်ပြောဆိုချက်များကို ဆန်းစစ်ကြည့်ပါက အဖွဲ့အစည်းနှစ်ခုအကြား အဓိက ကွဲလွဲချက်ကြီး (၄) ချက် ရှိနေသည်ကို တွေ့ရသည်။

ပထမ ကွဲလွဲချက်မှာ ဖမ်းဆီးခံရသူ၏ မည်သူမည်ဝါဖြစ်မှုဖြစ်သည်။ PLA ဘက်က ဖမ်းဆီးခံရသူသည် တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုကို အာဏာသိမ်း စစ်တပ်ထံ တိုင်ကြားနေသည့် ‘သတင်းပေးဒလန်’ ဖြစ်ကြောင်း စွပ်စွဲထားသော်လည်း၊ NUG MoD ဘက်ကမူ ၎င်းသည် ဒလန်မဟုတ်ဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသည့် ‘ယာဉ်မောင်း/ပြည်သူ’ တစ်ဦးသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

ဒုတိယ ကွဲလွဲချက်မှာ ငွေကြေးတောင်းခံမှုဖြစ်သည်။ PLA ဘက်က ၎င်းတို့အနေဖြင့် မည်သည့်ငွေကြေးမှ လက်ခံရယူခြင်းမရှိဘဲ မိသားစုကသာ ငွေဖြင့်လာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း ဆိုသော်လည်း၊ NUG ဘက်နှင့် ဒေသခံရဲဘော်များ၏ အဆိုအရ PLA ဘက်က ငွေကျပ်သိန်း ၂၀၀၀ မပေးပါက ဖမ်းဆီးခံရသူအား သတ်ပစ်မည်ဟု မိသားစုထံ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

တတိယ ကွဲလွဲချက်ကတော့ ပြန်လွှတ်ပေးချိန် ဒဏ်ရာရရှိမှုဖြစ်သည်။ ဖမ်းဆီးခံရသူကို မိသားစုထံ ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့သည်ဟု PLA က ထုတ်ပြန်သော်လည်း၊ NUG ဘက်ကမူ ၎င်းကို ရွာချင်းဆက်လမ်းတွင် ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် သတိလစ်လျက် တွေ့ရှိခဲ့ရကြောင်းနှင့် သိမ်းဆည်းသွားသည့် ပြည်သူပိုင်ပစ္စည်းများလည်း ပြန်မပေးသေးကြောင်း စွပ်စွဲထားသည်။

နောက်ဆုံး စတုတ္ထ ကွဲလွဲချက်မှာမူ စခန်းစီးနင်းမှုနှင့် မိုင်းထောင်မှုအခြေအနေဖြစ်သည်။ PLA ဘက်က NUG လက်အောက်ခံ ကာကွယ်ရေးအဖွဲ့များက အင်အားအလုံးအရင်းဖြင့် ၎င်းတို့စခန်းများကို လာရောက်စီးနင်းပြီး ပြည်သူများကို သေနတ်ထောက်ဖမ်းဆီးခဲ့သည်ဟု ရှုတ်ချထားသော်လည်း၊ NUG MoD ဘက်ကမူ ၎င်းတို့သည် သဘောတူညီချက်အရ လစ်လပ်သွားသည့် စခန်းများကို ဝင်ရောက်စဉ် PLA ဘက်က ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ထားခဲ့၍ ကာကွယ်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ရကြောင်း ပြန်လည်စွပ်စွဲထားသည်။

စာတည်း – ကိုထားဝယ်