ဘဏ်အချက်အလက်ပေါက်ကြားမှု တကယ်ဖြစ်ပွားခဲ့ကြောင်း AYA Bank ဝန်ခံလာ

By MPA

ဧရာဝတီဘဏ် (AYA Bank) ၏ ဒေတာများ ဖောက်ထွင်းခိုးယူခံရသည့် သတင်းကို MPA က ထုတ်လွှင့်ပြီးနောက် မိနစ် ၂၀ အကြာတွင် ဘဏ်ဘက်က အခြေအနေမှန်ကို ဝန်ခံသည့် သတင်းထုတ်ပြန်ချက်တစ်စောင် ထွက်ပေါ်လာခဲ့သည်။

ဘဏ်ဘက်က ယခင်က ကွန်မန့်များတွင် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေပါသည် ဟုသာ လိုက်လံငြင်းဆိုခဲ့သော်လည်း၊ MPA ၏ သတင်းဖော်ပြချက် ထွက်ပေါ်လာပြီးနောက်တွင်မူ အချက်အလက်အချို့ ပြင်ပသို့ အမှန်တကယ် ပေါက်ကြားသွားခဲ့ကြောင်း တရားဝင် ထုတ်ပြန်ဝန်ခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် AYA Bank က ၎င်းတို့၏ အသုံးပြုဆဲစနစ်မဟုတ်ဘဲ ယခင်အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှတစ်ဆင့် ငွေကြေးဆိုင်ရာမပါသော လျှောက်လွှာပေါ်ရှိ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့ခြင်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အချက်အလက် ပေါက်ကြားခဲ့သည့် Portal သည် ဘဏ်၏ ပင်မစနစ်များဖြစ်သော Core Banking System၊ AYA Pay System၊ Card System တို့နှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းမရှိဘဲ အခြားစနစ်များကိုလည်း လုံးဝထိခိုက်မှုမရှိသည့်အတွက် AYA Pay နှင့် AYA Internet Banking / Mobile Banking စနစ်များကို ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်ကြောင်း ဘဏ်ဘက်က ရှင်းလင်းထားသည်။

သို့သော်လည်း Hacker ဂိုဏ်းဘက်ကမူ ဧရာဝတီဘဏ်၏ ပင်မပလတ်ဖောင်းထဲမှ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (PII) များ အပါအဝင် ဒေတာပမာဏ ၁၂၀ GB အထိ ရယူထားနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ခရက်ဒစ်ကတ်စာရင်းများပါ ပါဝင်နေကြောင်း သက်သေပြသကာ ငွေညှစ်နေခြင်း ဖြစ်သည်။

ဘဏ်၏ ထုတ်ပြန်ချက်တွင် သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ လုံးဝဘေးကင်းလုံခြုံစွာရှိနေကြောင်း ထပ်လောင်းအတည်ပြုထားပြီး၊ ယခုဖြစ်စဉ်ကြောင့် သုံးစွဲသူများ စိတ်အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ရသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း ဘဏ်၏ Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကို တိုးမြှင့်ဆောင်ရွက်ထားလျက်ရှိကြောင်း ထည့်သွင်းပြောကြားထားသည်။

ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများကမူ ဘဏ်ဘက်က အချက်အလက် ပေါက်ကြားမှုကို တရားဝင် ဝန်ခံလာပြီဖြစ်သည့်အတွက် ဧရာဝတီဘဏ်အသုံးပြုသူ ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် မိမိတို့၏ အကောင့်လုံခြုံရေးအတွက် Password များကို အမြန်ဆုံး အသစ်လဲလှယ်ခြင်းများ ပြုလုပ်ထားသင့်ကြောင်း ဆက်လက်တိုက်တွန်းထားကြသည်။