ယခုလအတွင်း ရန်ကုန်မြို့နေ လူငယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း ဒေသခံအချို့ထံက သိရ သည်။
ရန်ကုန်မြို့နေ လူငယ်များ ပျောက်ဆုံးမှုများနေကြောင်းကို ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် လူပျောက် ကြော်ငြာများအရ သိရကြောင်း အသက်၄၃နှစ်အရွယ်ရှိ ရန်ကုန်ဇာတိဖွား ကုမ္ပဏီဝန်ထမ်း အမျိုး သားတစ်ဦးက ဆိုသည်။
“အလုပ်သွားတယ်။အိမ်ပြန်မရောက်ဘူး။တချို့က အပြင်သွားတယ်။ပျောက်သွားတယ်။မိသားစုဝင် တွေက ဖေ့စ်ဘွတ်ခ်ပေါ် ကူပါကယ်ပါ တွေ့ရင်အကြောင်းကြားပေးပါ။ကျေးဇူးဆပ်ပါမယ်ဆိုပြီး ဆက် သွယ်ရမယ့် ဖုန်းနံပါတ်နဲ့တကွ ရင်ကွဲပက်လက်တင်နေတာ ဒီလထဲ ပိုများလာတယ်။ကျနော်က မိန်းမမရှိ လူပျိုကြီး၊ အလုပ်ရှိတဲ့အချိန်ကလွဲရင် အချိန်ပြည့် လိုင်းသုံးနေလို့ နည်းနည်းပိုသိတာ”ဟု ၎င်းက MPA သို့ပြောသည်။
ဇွန်လ၁၁ရက်တွင် တောင်ဒဂုံမြို့နယ်၊ယောက်ကော်ပန်းခြံအနီး၌ အိမ်သို့ လမ်းလျှောက်ပြန်လာသည့် လူငယ်တစ်ဦး ပျောက်ဆုံးသွားပြီး ယနေ့(ဇွန်၂၅ရက်)ထိတိုင် အဆက်အသွယ်မရတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အသက်၃၀ကျော်အရွယ်။ညဘက် ကောင်မလေးကို လိုက်ပို့ပြီး လမ်းလျှောက်ပြန်လာတာလို့ နောက်ဆုံး သိလိုက်ရတယ်။အခုထိ သူ့အိမ်က အဆက်အသွယ်မရတော့ဘူး”ဟု ၎င်းက ပြောသည်။
လူပျောက်ဆုံးမှုများမှာ ရန်ကုန်မြို့စွန် မြို့နယ်များ၌ ပိုများပြီး များသောအားဖြင့် ညဦးပိုင်းအချိန် ပျောက်ဆုံးလေ့ရှိကြောင်း ရန်ကုန်ဇာတိဖွား ကုမ္ပဏီဝန်ထမ်းက ဆိုသည်။
ဇွန်လ၁၆ရက် ညပိုင်းတွင် အမျိုးသားတစ်ဦး အလုပ်မှ အိမ်သို့အပြန် YBSကားပေါ်၌ အိပ်ပျော်သွားပြီး ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ YBS ၈၇ ဂိတ်ဆုံးထိ ပါသွားကြောင်း ၎င်းသည် ကားဂိတ်မှ လမ်းလျှောက် ပြန်လာစဉ် ၎င်းကိုလာခေါ်ကြရန် မိသားစုဝင်တို့ထံ ဖုန်း ဆက်ပြီးနောက် အဆက်အသွယ်မရတော့ ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ် တွေ့ထားသည်ဟုလည်း ၎င်းက ပြောသည်။
“ရဲစခန်းတွေမှာ လူပျောက်လာတိုင်တာမျိုးတွေလည်း ရှိတယ်။ဒါပေမဲ့၊ရဲတချို့ကလည်း လူဖမ်း ရောင်းနေတာဆိုတော့ တိုင်လည်း ဘာမှ လုပ်မပေးဘူး။လူဖမ်းရောင်းတာတွေ မလုပ်တဲ့ရဲကျ တော့လည်း ဒါက စစ်တပ်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ကိစ္စဖြစ်လို့ ဘာမှ မလုပ်ပေးရဲဘူး”ဟု ရန် ကုန်မြို့ရဲသတင်းရင်းမြစ်က ပြောသည်။
ရန်ကုန်မြို့ရဲစခန်းများ၌ လူပျောက်တိုင်ကြားမှု မည်မျှ ရှိသလဲဆိုသည်ကိုမူ မသိကြောင်း ၎င်းက ဆို သည်။
“တော်တော်များများက မတိုင်ကြဘူး။ ရဲတိုင်လည်း ဘာမှ မထူးဘူးဆိုတာ သိတာကိုး”ဟု ၎င်းက ဆက်လက်ပြောသည်။
ဇွန်လ၁၆ရက်၊ညနေ ၆နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်နေ လူငယ်တစ်ဦး အိမ်မှ ကားဖြင့် ထွက် သွားပြီးနောက် လူရောကားပါ ပျောက်ဆုံးနေသဖြင့် ဖေ့စ်ဘွတ်ခ်ပေါ် လူပျောက်ကြော်ငြာထား သည်ကို တွေ့ရသည်။
လှည်းတန်းတွင် အဆောင်နေကာ ကျောင်းတက်နေသည့် အသက် ၁၈နှစ်အရွယ် လူငယ်လေးတစ်ဦး ဇွန်လ၁၅ရက် ညနေပိုင်းက အဆောင်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားကြောင်း ဖေ့စ်ဘွတ်ခ် ပေါ် ကြော်ငြာ ထားသည်ကိုလည်း တွေ့ရသည်။
ရန်ကုန်မြို့ လူပျောက်ဆုံးမှု၏ ၉၅ရာခိုင်နှုန်းကျော်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခဲ့ရခြင်းဟု ယူဆ ကြောင်း ရဲသတင်းရင်းမြစ်က ဆိုသည်။
