မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း တော်လှန်ရေးဒရုန်းထိမှန်ကာ ပျက်စီးသွားသည့် Mi 17 ရဟတ် ယာဉ်အစိတ်အပိုင်းများကို ပခုက္ကူဘက်သို့ သယ်ထုတ်နေကြောင်း သိရသည်။
ယနေ့(ဇွန်၂၇ရက်)နံနက်ပိုင်းတွင် မြိုင်မြို့နယ်တောင်ပိုင်း၊တွင်းမပျူစောထီးရွာရှိ ရဟတ်ယာဉ် အစုတ်ကို ကား၃စီးဖြင့် သယ်ဆောင်ကာ ကောင်းကင်ယံမှ MI 35 တိုက်ခိုက်ရေး ရဟတ် ယဉ်တစ်စီးက လုံခြုံရေးပေးကာ ပျံဝဲ လိုက်ပါလာကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ We Love Myaing က သတင်းထုတ်ပြန်သည်။
“အပေါ်က Mi 35 က ရဟတ်ယာဉ်အစုတ်ကြီး ထပ်ပြီး အတိုက်ခံရမှာစိုးလို့ သူတို့ မသင်္ကာတဲ့နေ ရာ တွေကို ပစ်ခတ်သေးတယ်။ ဗုံးကြဲတယ်လို့တော့ မကြားမိဘူး။ပခုက္ကူ ၁၀၁ (တပ်မ၁၀၁)ထဲ အရင် သယ်မယ်ထင်တယ်။ပြီးမှ မိတ္ထီလာတို့ဘာတို့ ပို့ပြီး အမျှဝေကြမှာပေါ့”ဟု ကမ္မအခြေစိုက် PDF ရဲ ဘော်တစ်ဦးက MPAသို့ပြောသည်။
ရဟတ်ယာဉ်အစုတ် တင်ဆောင်လာသော ကားများသည် ၁၀နာရီမိနစ်၅၀ခန့်တွင် ကမ္မမြို့ပေါ်သို့ ရောက်ရှိခဲ့ကြောင်း We Love Myaing က ထုတ်ပြန်သည်။
လုံခြုံရေးပေး လိုက်ပါလာသည့် MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်သည် ၁၀နာရီ၅၆မိနစ်မှ စတင် ကာ ကမ္မမြို့အရှေ့ဘက်ကို စက်လတ်ဖြင့် ၄ကြိမ် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
မြိုင်မြို့နယ်၊တွင်းမပျူရွာရှိ ဒဏ်ရာရစစ်သားများကို လာသယ်သည့် Mi 17 ရဟတ်ယာဉ်ကို ဇွန်၂၃ ရက်တွင် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ FPV ဒရုန်း အနည်းဆုံး ၂စင်း ထိမှန် သည်ဟု ယူဆ ကြောင်း ဒရုန်းတစ်စင်းသည် Cargo door နားကို ထိမှန်ခြင်းကြောင့် ထိချက်မ ကောင်းနိုင်သော်လည်း နောက်တစ်စင်းက အင်ဂျင်နားကို ထိမှန်ခြင်းကြောင့် catastrophic kill မရသည့်တိုင် ထိခိုက်မှုများနိုင်ကြောင်း Tactical Raptor က သုံးသပ်ထားသည်။
ယင်းပစ်ခတ်မှုကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူး ခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားများနှင့် MGY-PDF၊ အညာဖိုက်တာ Localတပ်ဖွဲ့ နှင့် စကား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
