ရှီကျင့်ဖျင်၏လက်က ကချင်မလက်ထက် ပိုနုသည်ဟုဆိုကာ စကမကချင်ဝန်ကြီးချုပ်က မြစ်ဆုံစီမံကိန်းကို ထောက်ခံရန် စည်းရုံး

By MPA

ကချင်ပြည်နယ်အတွင်း လူထုကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားရသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း စစ်ကော်မရှင်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်က ဆာမှော်ဒေသခံအနည်းငယ်ကို ခေါ်ယူတွေ့ဆုံစဉ် စည်းရုံးပြောဆိုလိုက်သည်။

လက်ရှိတွင် နိုင်ငံအတွင်း လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသဖြင့် ပြည်နယ်တိုးတက်ရေးအတွက် မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအား သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာများဖြင့် တည်ဆောက်မည်ဖြစ်ရာ စိုးရိမ်စရာမလိုကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း ကချင်ပြည်နယ်၌ ရစ်ချ်တာစကေး ၄ မှ ၆ အထိသာ ငလျင်လှုပ်ခတ်ဖူးသော်လည်း ယခုစီမံကိန်းကို ရစ်ချ်တာစကေး ၈ အထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်မည်ဟု ဆိုသည်။

ထို့ပြင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က ပြည်ထောင်စုလွှတ်တော်တွင် မြစ်ဆုံစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့မိသည့်အတွက် ယခုအခါ များစွာနောင်တရမိကြောင်း ပြောသည်။

ထိုစဉ်က ဆန္ဒမပြခဲ့ပါက ယခုအချိန်တွင် တော်တော်လေး တိုးတက်နေပြီဖြစ်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲနိုင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်ခဲ့သည့် ခက်ထိန်နန်က ပြောသည်။

ဝန်ကြီးချုပ် ခက်ထိန်နန်က ဇွန်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ရမှုကိုလည်း ထည့်သွင်းပြောကြားသည်။

ထိုခရီးစဉ်အတွင်း ပြည်နယ်ကိုယ်စားပြုပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ရကြောင်း၊ ၎င်း၏လက်မှာ အလွန်နုညက်လှကြောင်း ပြောကြားရာတွင် ဒေသခံကချင်အမျိုးသမီးများကို ‘ကရင်မ’ ဟု မှားယွင်းနှိုင်းယှဉ် ပြောဆိုသွားခဲ့သည်။

“ခင်ဗျားတို့ အားလုံးကိုယ်စား၊ ကချင်ပြည်နယ် ကိုယ်စား၊ ရှီကျင့်ဖျင်နဲ့ လက်ဆွဲနှုတ်ဆက် ရတာ။ လက်ကလေ ဒီက ကရင်မတွေထက်ကို ပိုနုတယ်။ အရမ်း နုတယ်” ဟု ခက်ထိန်နန်က ဖားယားပြောဆိုသည်။

၎င်းက ဆက်လက်၍ ရှီကျင့်ဖျင်သည် ကမ္ဘာ့အဆင့်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းတို့ စစ်အုပ်စုလက်ထက်တွင် အစစအရာရာ ပိုမိုကောင်းမွန်လာတော့မည်ဖြစ်ကြောင်း ဒေသခံများအား လီဆယ်စည်းရုံးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ၎င်းက လက်ရှိ အာဏာသိမ်းစစ်တပ် အစိုးရလက်ထက်၌ တနင်္သာရီတိုင်း ပင်လယ်ပြင်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကြီးကို ရှာဖွေတွေ့ရှိထားသဖြင့် မကြာခင် ချမ်းသာလာတော့မည်ဟုလည်း မျှော်လင့်ချက်အမှားကိုပေး၍ လိမ်လည်ပြောဆိုသည်။

ထိုစည်းရုံးပွဲအတွင်း ပြောဆိုမှုတစ်ခုပြီးတိုင်း ခက်ထိန်နန်က တက်ရောက်လာသည့် ဒေသခံများအား လက်ခုပ်တီး၍ ထောက်ခံခိုင်းခဲ့သည်ကို တွေ့မြင်ရသည်။