စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အစည်းအဝေးပြုလုပ်နေစဉ် အမှတ် (၆) တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံး တာဝန်ရှိသူများကို တာဝန်မှ ယာယီရပ်နားလိုက်သည်။
“ခရိုင်ရုံးတာဝန်ရှိသူတွေကိုတော့ တာဝန်ကနေ ယာယီဆိုင်းငံ့ထားပါပြီ” ဟု မြေပြင်သတင်းရင်းမြစ်က MPA သို့ အတည်ပြုပြောကြားသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်သည် ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းက ယင်းမာပင်ခရိုင်စစ်ဌာန ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်ပြုလုပ်သည့် ခရိုင်အစည်းအဝေးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူက အစည်းအဝေးအတွင်း၌ တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“မီဒီယာတွေမှာ တက်နေတာ စွမ်းသူမောင်ရဲ့ PAက ငဖြိုးဆိုပြီးတက်နေတာ၊ တကယ့် စွမ်းသူမောင် PAက နောက်တစ်ယောက်ပါ။ ကိုပုလဲမောင် သတ်ခံရပြီး အင်တာဗျူးရုပ်သံ တက်လာတာ အားလုံးသိကြတယ်မလား၊ အဲ့ဒီမှာ အင်တာဗျူးဖြေပေးနေတာက ငဖြိုး၊ အင်တာဗျူးရုပ်သံကို ရိုက်တဲ့ တစ်ယောက်ကမှ စွမ်းသူမောင်ရဲ့ PAပါ၊ တကယ့်တရားခံကို သေချာစစ်ဆေးနိုင်ပါစေလို့ ကျတော်တောင်းဆုပြုပါတယ်။ ရေလိုက်ငါးလွဲသွားမှာမို့လို့ မဖြစ်မနေ ကျတော်ထုတ်ပြောတာပါ” ဟု ယင်းမာပင်ခရိုင်အတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်သူကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်သွားမည်ဟု ဝန်ကြီးချုပ်ရုံးဘက်က ဆိုသည်။ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးနှင့် ခရိုင်တပ်ရင်းများသည် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ဖွဲ့များ ဖြစ်ကြသည်။
တပ်ရင်းမှူး ပုလဲမောင် မတရားလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများနှင့် ၎င်းတို့၏ အပေါင်းအပါများသည် မြေပြင်အမှားကို ဖုံးကွယ်ရန်အတွက် လုပ်ကြံဖန်တီးထားသော ဗွီဒီယိုများနှင့် အသံဖိုင်များကို သတင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တမင်ဖြန့်ဝေလျက်ရှိကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ကျူးလွန်သူများ၏ လုပ်ရပ်သည် ၎င်းတို့၏အမှားကို ဖုံးကွယ်ရန်နှင့် ကျဆုံးသူ၏ တော်လှန်ရေးဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပါးပါးနပ်နပ် တိုက်ခိုက်လာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဂုဏ်သိက္ခာကိုသာမက နွေဦးတော်လှန်ရေးတစ်ရပ်လုံးကို ထိခိုက်နစ်နာစေသည့် တန်ပြန်တော်လှန်ရေးလုပ်ရပ်ဖြစ်ကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ပြတ်ပြတ်သားသား ထောက်ပြထားသည်။
ထို့ပြင် ကွယ်လွန်သူ တပ်ရင်းမှူး ပုလဲမောင်၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း၊ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများနှင့် ကျူးလွန်သူများအားလုံးကို အမှုမှန်ပေါ်ပေါက်ရေး၊ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောင်တွင် အလားတူဖြစ်ရပ်မျိုး မရှိစေရန် စံပြအရေးယူမှု ပြုလုပ်ပေးရန် အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက အလေးအနက် တောင်းဆိုထားသည်။
