လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် တရားမျှတမှု မြန်မာတွင် ပြန်လည်စိုးမိုးလာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဆို

လွတ်လပ်မှု၊ငြိမ်းချမ်းမှုနှင့် တရားမျှတမှုများ မြန်မာနိုင်ငံတွင် ပြန်လည်စိုးမိုးလာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောသည်။

ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ပါလီမန်ရှေ့၌ ကျင်းပသည့် မြန်မာ့အရေးဆန္ဒပြပွဲတွင် ကင်မ်အဲရစ်က မိန့်ခွန်း ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း ကင်မ်အဲရစ်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ယနေ့(စက်တင်ဘာ၂၃ရက်)ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ သိရ သည်။

“ကျနော်တို့အမှတ်ရနေရမှာက စစ်အစိုးရဟာ အင်အားမကြီးဘူးဆိုတာပါပဲ။ပြီးတော့ သူတို့ အရင်က ထက်ပိုပြီး အားနည်းတဲ့အနေအထားမှာ ရှိနေတာကို သတိပြုရပါမယ်”ဟု ၎င်းက ပြောသည်။

ယူကေအစိုးရအပါအဝင် ကမ္ဘာတစ်ဝန်းရှိအစိုးရများအနေနှင့် စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက် ပွဲအတုအယောင်ကို အသိအမှတ်မပြုကြရန်လည်း ကင်မ်အဲရစ်က တောင်းဆိုသည်။

“မြန်မာနိုင်ငံကို မျက်ကွယ်မပြုပါနဲ့။ပြည်သူတွေရဲ့ လွတ်လပ်မှုကို တောင်းဆိုပေးပါ။ ကျနော့်မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့ တောင်းဆိုပေးပါ”ဟုလည်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂတွင် မြန်မာပြည်သူတို့၏အသံဖြစ်သော သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိနေရန် လည်း ၎င်းက ထောက်ခံတောင်းဆိုလိုက်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းချခံထားရခြင်း၏ တစ်ခုတည်းသော ပြစ်မှုမှာ ဒီမိုကရေစီလမ်းစဉ်ကို ယုံကြည်ပြီး ငြိမ်းချမ်းရေးကို မျှော်လင့်ကြခြင်း ကြောင့် ဖြစ်ကြောင်းလည်း ဆိုသည်။

“စစ်အစိုးရက ထောင်အကျဉ်းချတာတွေ၊ အကြောက်တရားတွေ၊ ရွေးကောက်ပွဲအတုအယောင်တွေ နဲ့ ကျနော်တို့ကို နှုတ်ပိတ်နိုင်မယ်လို့ ထင်နေတယ်။ဒါပေမဲ့၊ကျနော်တို့ ဒီကိုရောက်နေတာဟာ နှုတ် ပိတ်မခံနိုင်ဘူးဆိုတာကို ပြသဖို့ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

စစ်တမ်းများအရ မြန်မာနိုင်ငံတွင် လစဉ် နိုင်ငံရေးအကျဉ်းသား၂ဦး သေဆုံးနေကြောင်းလည်း ဆိုသည်။

လန်ဒန်မြို့ ပါလီမန်ရှေ့တွင် စက်တင်ဘာ၂၀ရက်က ပြုလုပ်သည့် ယင်းဆန္ဒပြပွဲသို့ မြန်မာနိုင်ငံဖွား တိုင်း ရင်းသားပြည်သူ ၅၀၀ခန့် တက်ရောက်ခဲ့ကြသည်။