ကန့်ဘလူတွင် စစ်ရှောင်ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကို PDF စခန်းဟု စစ်လော်ဘီများ သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုရွာရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် တပ်က လေကြောင်း ဗုံးကြဲခဲ့ပြီး စစ်လော်ဘီများက PDF စခန်းဟူ၍ သတင်းအမှားဖြန့်ဝေလျက်ရှိသည်။

သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသော စစ်လော်ဘီ “ People Media” က ၂၀၂၅ စက်တင်ဘာ ၂၂ရက် မွန်းလွဲပိုင်းတွင် “စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြိုနယ်၊ ကျီစုကျေးရွာရှိ စစ်သွေးကြွ PDF စခန်းကို တပ် မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းလိုက်တယ်လို သိရပါတယ်” ဟု (မူရင်းရေးသားချက်အတိုင်း) ဗုံးကြဲခံ ရမှုကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးနေသော ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။

ဖြန့်ဝေထားသော လင့်ခ် – https://archive.ph/JDRFy

ထိုသို့ ဖြန့်ဝေထားမှုအား အခြားသော စစ်တပ်လော်ဘီချန်နယ်များစွာက ကူးယူဖြန့်ဝေထားကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအမှားဖြန့်ဝေထားသော လင့်ခ်များ
Snow Queen – https://archive.ph/D7PxJ
DGF21News – https://archive.ph/g011K

တယ်လီဂရမ်ချန်နယ်များတွင် စစ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

သက်သေပြစိစစ်မှု

စစ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “DVB၊ မြေလတ်အသံ၊ ရွှေဖီမြေ၊ People’s Spring” စသော သတင်းမီဒီယာများစွာက ဖော်ပြထားသော သတင်းဓာတ်ပုံများနှင့် ထပ်တူ ညီလျက်ရှိသည်။

DVB တွင် “စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၂ ရက် မနက်အစော ပိုင်း ၁ နာရီခွဲကျော်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်”ဟု ရေးသားထားသည်။

သတင်းလင့်ခ် – https://bitly.cx/R6XtV

မြေလတ်အသံသတင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး ပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်ရေးလေယာဥ် ၁ စီးနှင့် ကျီစုရွာကိုပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချခဲ့ရာ အသက် ၆၄ နှစ်အရွယ် ဒေါ်သန်း အေး သေဆုံးခဲ့ကြောင်း၊ ဒေသခံ ၁၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ လုံး နှင့် စာသင်ဆောင်တို့ ပျက်စီးခဲ့ ကြောင်း ရေးသားထားသည်။

မြေလတ်အသံ – https://bitly.cx/lI6X

ရွှေဖီမြေသတင်းတွင် ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသော ၁၇ ဦးအနက် ၅ ဦးမှာ အသက်အန္တရာယ်စိုးရိမ်နေရ ကြောင်း၊ ဒဏ်ရာရရှိသူ ၇ ဦးသည် တခြားရွာကနေ စစ်ရှောင်လာသူများဖြစ်ကောင်း သတင်းရေးထားသည်။

သတင်းလင့်ခ် – https://bitly.cx/oz3B9

People’s Spring သတင်း၌ ဗုံးကြဲတိုက်ခိုက်ချိန်သည် စက်တင်ဘာ ၂၂ရက် နံနက်အစောပိုင်း အိပ်မော ကျနေ သော အချိန်ဖြစ်ကြောင်း စစ်ကော်မရှင်တပ်က ဗုံးနှစ်လုံးကြဲချရာတွင် ပထမဗုံးသည် စာသင်ကျောင်းနှင့် ဘုန်း ကြီးကျောင်း(မြောက်)အကြားနှင့် ဒုတိယဗုံးသည် ဘုန်းကြီးကျောင်း(တောင်)နှင့် လူနေအိမ်အကြား ကျရောက်ပေါက်ကွဲ ခြင်းဖြစ်သဖြင့် လူထိခိုက်သေဆုံးမှု နည်းခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သတင်းလင့်ခ်- https://bitly.cx/fcMdM

သုံးသပ်ချက်

ယုံကြည်စိတ်ချရသော သတင်းမီဒီယာများတွင် ကန့်ဘလူမြို့နယ် ကျီစုရွာရှိ စစ်ရှောင်ပြည်သူများ ခိုလှုံရာ ဘုန်းကြီးကျောင်းပေါ်သို့ စစ်ကော်မရှင်တပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲခံရမှုကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ကြောင့် စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက “စစ်တပ်က PDF စခန်းကို ဗုံးကြဲရှင်း လင်း” ဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။