ဘန်ကောက်မှာ မြေပြိုမှုကြောင့် တွင်းနက်ကြီးတစ်ခုဖြစ်ပွားခဲ့

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နယ် ၊ ဒူစစ်ခရိုင်၊ ဆန်ဆင်းလမ်းမကြီး၏ တစ်နေရာတွင် ပြင်းထန်သော မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး တွင်းနက်ကြီးဖြစ်သွားခဲ့ကြောင်း သိရပါတယ်။

ယနေ့(စက်တင်ဘာ ၂၄ရက်) ၊ နံနက် ၇နာရီကျော်က မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဆန်ဆင်လမ်း၊ ဝမ်ချီလဆေးရုံရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ မြေပြိုမှုဖြစ်ပွားရခြင်းသည် မြေအောက်တွင် မြှုပ်ထားသည့် ရေပိုက်ပေါက်ကွဲမှုကြောင့်ဖြစ်ကာ မြေအောက်တွင် မြှုပ်ထားသည့် မီးကြိုးများလည်း ပေါက်ကွဲပျက်စီးမှုဖြစ်ပွားခဲ့သည်။

မြေပြိုမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း မီးတိုင်နှစ်တိုင်နှင့် ရဲဌာနပိုင် ယာဉ်ဆွဲကားတစ်စီး တွင်းနက်ထဲ ပြုတ်ကျခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဝါဂျီရာလမ်းဆုံမှ ဆန်ဟီလမ်းဆုံထိ ယာဉ်ဖြတ်သန်းခွင့်ကို ချက်ချင်းပိတ်ခဲ့ပြီး ကီလိုမီတာပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားလျက်ရှိသည်။

ဘန်ကောက်အာဏာပိုင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြေပြိုကျသည့်နေရာကို ထိန်းချုပ်ကာ အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေသည့်အပြင် မြို့ပြလျှပ်စစ်အဖွဲ့ကလည်း အန္တရာယ်ကင်းရှင်းရေးအတွက် အရေးပေါ် စီမံချက်များ ဆောင်ရွက်လျက်ရှိသည်။

ဘန်ကောက်မြို့သည် ပျော့ပျောင်းသည့် ရွှံမြေပေါ်တွင် တည်ဆောက်ထားခြင်းကြောင့်နှစ်ပေါင်းများစွာ မြေနိမ့်ကျသည့် ပြဿာနာကို ရင်ဆိုင်နေရသည်။