ရွှေဂုံတိုင်မီးပွိုင့်ဝန်းကျင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား၊ဆေးရုံသို့ တန်းပို့နေရဟုဆို

ဓာတ်ပုံ- ရွှေဂုံရိပ်မွန် လူမှုကူညီရေးအသင်း
ပုံစာ-ဇွန်၂၈ရက်ညနေပိုင်းက ဝမ်းလျှောလူနာကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်မီးပွိုင့်ဝန်းကျင်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ဆေးရုံသို့ တန်းပို့နေရကြောင်း သိရသည်။

ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ ရွှေဂုံရိပ်မွန်အိမ်ရာတွင် အဓိက ဖြစ်ပွားနေပြီး ဇွန်၂၈ရက် ညနေပိုင်းက ယင်း အိမ်ရာအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောအရေးပေါ်လူနာတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရွှေဂုံရိပ်မွန် လူမှုကူညီရေးအသင်း က ပို့ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

“ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တာလို့ သိရတယ်။ ဖြစ်ပြီဆို ဆေးရုံပို့ရတာချည်းပဲ။ ပရ ဟိတသမားတွေဆီကနေ သိရတာရော ပတ်ဝန်းကျင်သတင်းအရရောဆို အခုရက်ပိုင်းမှာကို မရှိဘူး ဆို ၁၀ယောက်ကျော် ၁၂ယောက်လောက်ရှိပြီ”ဟု ၎င်းက MPAသို့ပြောသည်။

လက်ရှိအချိန်ထိ ဗဟန်းမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူသေဆုံးမှုရှိကြောင်း မကြားရသေးဟု ၎င်းက ဆိုသည်။

“အခုသိရသလောက် ဗဟန်းနဲ့ တခြားဆင်ခြေဖုံးမြို့နယ်က ရပ်ကွက်ဆေးခန်းက ဆရာဝန်တွေကို ဝမ်းပျက်ဝမ်းလျှောလူနာလာရင် ဆေးရုံတန်းပို့ဖို့ ညွှန်ကြားထားတယ်လို့ သိရတယ်”ဟု လှိုင်မြို့ နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြော သည်။

လှိုင်မြို့နယ်တွင်မူ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည်ဟု မကြားမိသေးကြောင်း ၎င်းက ဆို သည်။

“အလုံမှာတော့ ဒီလအစပိုင်းက အများကြီး မဟုတ်ပေမဲ့ ဝမ်းလျှောတာတွေဖြစ်တယ်။ဆေးတွေ ရောင်းရတယ်။အခုတော့ ဖြစ်တယ်လို့ မကြားဘူး”ဟု အလုံမြို့နယ်နေ ဆေးဆိုင်ဝန်ထမ်း အမျိုးသမီး တစ်ဦးက ဆိုသည်။