လေယာဉ်ဗုံးသီးထုတ်စက်ရုံ မီးလိုင်းပြုပြင်ရန်လာသည့် စစ်ကြောင်းကို ပကဖ တိုက်ခိုက်၊ တစ်ဦး သေ၊တစ်ဦး အရှင်မိ

ဓာတ်ပုံ-စလင်းပကဖ

By MPA

မကွေးတိုင်း၊စလင်းမြို့နယ်အတွင်း လေယာဉ်ဗုံးသီးထုတ်စက်ရုံသို့သွယ်တန်းထားသော မီးလိုင်းပြုပြင်ရန် စစ်ကြောင်းထိုး ဝင်လာသောတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရ သည်။

ယင်းစစ်ကြောင်းကို ကင်းပတ်လာစေရန် စစ်ပရိယာယ် ဖော်ဆောင်ခဲ့ရာ စစ်သား ၁၀ဦးခန့် ကင်း လှည့်လာခဲ့ကြောင်း ယင်းကင်းလှည့်စစ်သားများကို ဇွန်၁၉ရက်က တိုက်ခိုက်ခဲ့ရာ သေနတ် ၂လက်၊ ကျည်ဘောက်၂ခုနှင့် ကျည်ဆန်အနည်းငယ်လည်း သိမ်းဆည်းရမိခဲ့ကြောင်း စလင်းပကဖ က ယနေ့ (ဇူလိုင်၂ရက်)နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။

ယင်းကင်းလှည့်စစ်ကြောင်းကို Bait Attack ပြုလုပ်၍ ပင်မတပ်က စစ်ကူလာရောက်လျှင် ချေမှုန်း တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း စစ်ကူမလာရဲခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း၌ ကပစ ၂၁ သို့ သွယ်တန်းထားသည့် မီးလိုင်းများ ပြုပြင်ရန်အတွက် စစ်သားအင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ စစ်ကြောင်းသည် ၂၅ ရက်ခန့် ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်တွင် ပြည်သူလူထု၏ တန်ဖိုးကြီး ရွှေထည်များအပါ ပစ္စည်းများအား လုယက်ကာ အပြစ်မဲ့ ပြည်သူ အမျိုးသမီးတစ်ဦးအား သတ်ဖြတ် ခဲ့ကြောင်း စလင်းပကဖက ထုတ်ပြန်ထားသည်။

ဇွန်လ ၈ ရက်ကလည်း စစ်တပ်၏ Military Attackဒရုန်းတစ်စင်းကို စလင်းမြို့နယ် ပကဖက ဖျက်ချ၍ သိမ်းဆည်းရရှိခဲ့သေးသည်။