ပြဿနာဖြစ်ပွားနေသည့် မွန်တပ်ခေါင်းဆောင်နှစ်ဦး မွန်ပြည်ဖက်ဒရယ်ကောင်စီကနေ ယာယီရပ်နားခံရ

ဓါတ်ပုံ - MSDF

မွန်ပြည်ကာကွယ်ရေးတပ် MSDF ခေါင်းဆောင်ပိုင်းနှစ်ဦး ဖြစ်ပွားခဲ့သည့် ပြဿနာများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကောင်စီဝင်အဖြစ် ပေးအပ်ထားသည့်တာဝန်မှ နှစ်ဦးစလုံးကို ယာယီရပ်နားရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း စက်တင်ဘာလ ၂၂ ရက် ညပိုင်းတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က သတင်းထုတ်ပြန်သည်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ မဟာမိတ်တပ်ဖြစ်ပြီး MSDF ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းနှင့် အတွင်းရေးမှူး နိုင်ကိုသူတို့ နှစ်ဦးသည် မွန်ပြည်ဖက်ဒရယ်ကောင်စီဝင်များဖြစ်ကြသည်။

ဒေါက်တာ သီရိမွန်ချမ်းသည် မွန်နိုင်ငံရေးတွင် အမြင့်ဆုံးအဖွဲ့ဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် သဘာပတိအဖွဲ့ဝင် ရာထူးယူထားသူ ဖြစ်ကာ၊ နိုင်ကိုသူမှာ MSFC ၏ ကာကွယ်ရေးဌာန ဒုဌာနမှူး တာဝန်ယူထားသူ ဖြစ်သည်။

MSDF ၏ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းသည် အတွင်းရေးမှူး ဖြစ်သူ နိုင်ကိုသူကို ပစ်မိန့်ပေးခဲ့သည့်အပေါ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီထံ နိုင်ကိုသူက တိုင်ကြားခဲ့သည်။

ဒေါက်တာ သီရိမွန်ချမ်း၏ အပြုအမူ အပြောဆို ကြံစည်လုပ်ကိုင်ဆောင်ရွက်ခဲ့မှုများ အပေါ် ဆက်လက်လက်တွဲ လုပ်ဆောင်ရန် အဆင်မပြေမှုများ အခက်အခဲများရှိနေသဖြင့် ရာထူးမှ ထုတ်ပယ်ကြောင်း MSDF ၏ Facebook စာမျက်နှာမှတဆင့် နိုင်ကိုသူက ထုတ်ပြန်လိုက်သည်။

ယင်းမှတဆင့် MSDF ခေါင်းဆောင်ပိုင်းနှစ်ဦးပြဿနာသည် အပြန်အလှန်စွပ်စွဲပြောဆိုမှုနှင့်အတူ ကြီးထွားလာခဲ့သည်။

ထိုအခြေအနေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ စုံစမ်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက် သက်ဆိုင်သူများအား မေးမြန်းခြင်း၊ MSDF မှ ချမှတ်ထားသည့်အခြေခံမူဝါဒများနှင် သက်ဆိုင်ရာ သက်သေခံပစ္စည်းများ စသည့် နည်းလမ်း(၃)ရပ်ဖြင့် စုံစမ်းခဲ့သည်။

ထို့နောက် ၎င်းတို့ နှစ်ဦးလုံးကို ကောင်စီဝင်အဖြစ်လည်းကောင်း၊ ပေးအပ်ထားသည့်တာဝန်များမှလည်းကောင်း ယာယီရပ်စဲလိုက်ခြင်း ဖြစ်သည်။

“ စုံစမ်းညှိနှိုင်းရေးကော်မတီရဲ့ အစီရင်ခံမှာ အောက်ခြေမှာ ပကတိဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချက်အလက်တချို့နဲ့ မကိုက်ညီခဲ့တာ ရှိခဲ့ပေမဲ့ ထွေထွေထူးထူးတော့ပြောဖို့မရှိပါဖူး” ဟု MSFC ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဒေါက်တာ သီရိမွန်ချမ်းက တုံ့ပြန်သည်။

မူရင်း MSDF ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီတွင် ဒေါက်တာ သီရိမွန်ချမ်းထုတ်ပယ်ခံရပြီးနောက် ဒေါက်တာ သီရိမွန်ချမ်းက MSDF – Central နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီနှင့် စစ်ဦးစီးအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC သည် မူရင်း MSDF ကို မဟာမိတ်တပ်အဖြစ် ဆက်လက်အသိအမှတ် ပြု ထားမည်ဟု MSFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“MSDF(Central Command)ကိုတော့ ကျမတို့ မဟာမိတ်အဖြစ် လက်ခံဖို့ ကောင်စီက ဆွေးနွေးထားတာ မရှိသေးပါဘူး” ဟု MSFC ပြောရေးဆိုခွင့်ရှိသူ မိသုတဂျော်က ပြောသည်။

MSDF ပြန်လည်ပေါင်းစည်းရေးသည် တပ်တွင်းကိစ္စများ ဖြစ်သောကြောင့် MSDF နိုင်ငံရေး စစ်ရေး ဦးဆောင်ကော်မတီနှင့်သာ သက်ဆိုင်သည်ဟု ဆိုသည်။

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးနှင့် မွန်ပြည်လွတ်မြောက်ရေးအတွက် ရှေးရှုကာ ငြိမ်းချမ်းသည့်နည်းများဖြင့် အချိန် (၃)လအတွင်း ပြန်လည်ညှိနှိုင်းကြဖို့ MSDF တပ်နှစ်ခြမ်းကွဲသွားသည့်အပေါ် MSFC မှ တိုက်တွန်းထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နိုင်ကိုသူ၏ သဘောထားကို သိရှိနိုင်ဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပေ။

“တပ်တွင်း ပြဿနာကို တပ်တွင်း ဖြေရှင်းဖို့ ဆုံးဖြတ်ချက်က တရားပါတယ်၊ တစ်ခုပါပဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတာမျိုးတော့ မတွေ့ရဘူး။ ကျတော်အမြင်ကတော့ ဒေသတွင်း နိုင်ငံရေးအစုအဖွဲ့ကြီးတစ်ခုက မပြတ်သားနေတဲ့အပေါ် အားမရဘူး” ဟု အမည်မဖော်လိုသည် မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ကို အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး မွန်၊ ကရင်နှင့် တနင်္သာရီတိုင်း ဆက်စပ်နယ်မြေများတွင် မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ စစ်ရေးလှုပ်ရှားနေသည်။