ပညာရေး အဆောက်အအုံများကို တိုက်ခိုက်ခြင်းမှ ကာကွယ်စောင့်ရှောက်ပေးရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar က ယနေ့ထုတ်ပြန်လိုက်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးများစွာရှိ စာသင်ကျောင်းများကို ထိခိုက်စေသည့် ဖြစ်ရပ်များကြောင့် ကျောင်း သားများနှင့် ဆရာ၊ ဆရာမများ ထိခိုက်သေဆုံးရခြင်း၊ စာသင်ချိန်ပျက်ရခြင်းနှင့် ကလေးသူငယ်များအတွက် အန္တရာယ်ကြုံတွေ့နိုင်ခြေ ပိုများလာကြောင်း UNOCHA က ထုတ်ပြန်သော်လည်း ပညာရေးအဆောက်အအုံများကို စစ်တပ်က တိုက်ခိုက်နေ ကြောင်း နာမည်တပ် ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
“ဒါက မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ကုလလက်အောက်ခံအဖွဲ့တွေရဲ့ စစ်တပ်ငြိုငြင်မှုကြောက်နေရတဲ့ သူတို့ရဲ့ ဘဝပေးအခြေအနေကို ဖော်ပြနေပါတယ်။သိပ်တော့လည်း မထူးဆန်းပါဘူး။အာဏာသိမ်း ပြီးကတည်းက ဒီအတိုင်း ရပ်တည်လာခဲ့ရတာ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦး က MPAသို့ ပြောသည်။
စက်တင်ဘာ၁၂ရက်တွင် ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊သရက်တပင်ရွာရှိ ကိုယ်ပိုင်အထက် တန်းကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသူ/သား ၁၉ဦး သေဆုံးပြီး ၂၂ဦး ဒဏ်ရာရခဲ့သည်။
စစ်တပ်နှင့်လက်နက်ကိုင်အဖွဲ့အစည်းများကြား နေရာအနှံ့ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် နေ့စဉ်နီးပါး အရပ်သား ထိခိုက်သေဆုံးမှုများရှိနေပြီး အရပ်သား စောင့်ရှောက်ကာကွယ်ရေးဆိုင်ရာ ကိစ္စများ ပိုမို ဆိုးရွားလာလျက်ရှိကာ၊ ထိခိုက်လွယ်သောရပ်ရွာလူထုအတွက် အကြမ်းဖက်မှုနှင့် အခက်အခဲများကို တိုး၍ရင်ဆိုင်ရစေကြောင်းလည်း UNOCHA Myanmar က ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် လူဦးရေ ၃ ဒသမ ၆ သန်း နီးပါး နေရပ်စွန့်ခွာနေထိုင်လျက်ရှိသည်ဟုခန့်မှန်းရပြီး၊ ယခုလအတွင်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ပိုမိုများပြားလာကာ၊ ယခင်ကပင် ဆိုးရွားနှင့်ပြီးဖြစ်သည့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ကို ပိုမို ခက်ခဲစေကြောင်းလည်း ဆိုသည်။
၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ကဏ္ဍပေါင်း စုံတွင် လူဦးရေ အနည်းဆုံး ၃သန်းခွဲကို အရေးပေါ်အကူအညီပေးနိုင်ခဲ့သော်လည်း များပြားလာသော လိုအပ်ချက်များနှင့် ရန်ပုံငွေ အကြီးအကျယ် မလုံလောက်မှုကြောင့် လူသန်းပေါင်းများစွာကို လူမှုဘ၀ရှင်သန်ရေး အကူအညီများ ရေရှည်ပေးအပ်နိုင်ခြင်းမရှိကြောင်း သိရသည်။
“ကုလအဖွဲ့တွေက အရေးပေါ်အကူအညီတွေ ပေးနိုင်ခဲ့တယ်ဆိုပေမဲ့ စစ်တပ်က ပိတ်ပင်ထားလို့ တကယ့်စစ်ရှောင်ပြည်သူ များစွာရဲ့လက်ထဲ အကူအညီမရောက်နိုင်ပါဘူး။ဒါ့ကြောင့် ကုလအနေနဲ့ မြေပြင်မှာ တကယ်ကူနေတဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေကနေတစ်ဆင့် ထောက်ပံ့ပေးတာမျိုး နဲ့ NUGအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကနေတစ်ဆင့် အကူအညီပေးတာမျိုးကို ဖော် ဆောင်သင့်ပေမဲ့ ဘာမှမျှော်လင့်လို့မရပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်ပေးအပ်နိုင်ရေးအတွက် ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် အကူအညီများ ဖြန့်ဖြူးခြင်းအတွက် ကန့်သတ်မှုများရှိနေကြောင်း UNOCHA Myanmar ကဆိုသည်။
မြန်မာနိုင်ငံသည် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ယနေ့အချိန်ထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားသေးကြောင်း သိရသည်။
