အင်္ဂလန်အသင်းက မက္ကဆီကိုအသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သည့် ပွဲအပြီး အောင်ပွဲခံစဉ်အတွင်း အင်္ဂလန်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်သည် လက်ကောက်ဝတ်တွင် ပြင်းထန်ဒဏ်ရာတစ်ခု ရရှိသွားကြောင်း နည်းပြ သောမတ်စ် တူချယ်က အတည်ပြု ပြောကြားသည်။
မက္ကဆီကိုစီးတီးရှိ အက်ဇ်တေကာ အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်အပြီး ကွင်းဘေး ကြော်ငြာဘုတ်ပေါ်ကနေ အဆင်း ဟန်ဒါဆန်သည် ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်ကို ဆိုးဆိုးရွားရွား သက်ဆင်းမိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အသက် ၃၆ နှစ်အရွယ် ဘရဲန့်ဖို့ဒ် ကွင်းလယ်လူသည် ဒဏ်ရာကြောင့် ကွင်းအတွင်းမှ လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာသွားခဲ့ရသည်ကိုလည်း မြင်တွေ့ခဲ့ကြရကြောင်း သိရသည်။
“ဂျော်ဒန်တစ်ယောက် ပြုတ်ကျပြီး လက်ကောက်ဝတ် ဒဏ်ရာရသွားတာပါ။ အခြေအနေက တော်တော်လေး ဆိုးပုံရပါတယ်။ တော်တော်လေးကို ပြင်းထန်တဲ့ ဒဏ်ရာမျိုးဖြစ်ပြီး အောင်ပွဲခံနေတဲ့ ဒီညမှာ သူ ကျွန်တော်တို့နဲ့အတူ ရှိမနေနိုင်တော့တာ စိတ်မကောင်းစရာပါပဲ။ အခု သူ ဆေးရုံ ရောက်နေပြီလို့ ဆရာဝန်က ကျွန်တော့်ကို ပြောပါတယ်” ဟု တနင်္လာနေ့ ပွဲအပြီး ဘီဘီစီနှင့် အင်တာဗျူးတွင် အင်္ဂလန်နည်းပြ သောမတ်စ် တူချယ်က ဖြေကြားသည်။
လက်ရှိမှာ ဟန်ဒါဆန်သည် အင်္ဂလန်အသင်း၏ ပံ့ပိုးကူညီရေးအဖွဲ့ဝင်တစ်ဦးနှင့်အတူ ဆေးရုံတွင် ကျန်ရှိနေခဲ့ပြီး တနင်္လာနေ့ည၌ အသင်းနှင့်အတူ လိုက်ပါသွားခြင်း မရှိပေ။
၎င်းသည် အဖွင့်ပွဲစဉ်မှာတင် ပေါင်နောက်ကြောဒဏ်ရာ ရရှိသွားခဲ့သည့် ရီးစ် ဂျိမ်းစ်နည်းတူ လူစာရင်းကနေ နုတ်ထွက်ရမည့်အခြေအနေတွင် ရှိနေသည်။
အင်္ဂလန်အသင်းသည် လာမည့် စနေနေ့တွင် အမေရိကန်ပြည်ထောင်စု မိုင်အာမီ၌ နော်ဝေအသင်းနှင့် ကွာတားဖိုင်နယ် ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် ဒဏ်ရာရ ဟန်ဒါဆန်အပြင် မက္ကဆီကိုနဲ့ပွဲမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့် နောက်ခံလူ ဂျာရယ် ကွမ်ဆာကိုလည်း အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
