တော်လှန်ရေးအမည်ခံပြီး ပြည်သူကို ငွေညှစ်နေသည့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းမည်ဟု ညောင်ဦး ပကဖဆို

ဓာတ်ပုံ- ညောင်ဦး ပကဖ
ပုံစာ-ညောင်ဦး ပကဖ ရဲဘော်များအားတွေ့ရစဉ်

ညောင်ဦးမြို့နယ်အတွင်း တော်လှန်ရေးအမည်ကို အလွဲသုံးစားပြု၍ ပြည်သူများကို ဖမ်းဆီးငွေတောင်းခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များကို ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည့် ရာဇဝတ်ဂိုဏ်းများကို ပြည်သူလူထု၏ ဘုံရန်သူအဖြစ် ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဇူလိုင် ၅ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအဖွဲ့အစည်းများသည် မိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စံနှုန်းများကို အလေးအနက် လိုက်နာစောင့်ထိန်းလျက် ရှိကြသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သို့သော် လက်ရှိ ညောင်ဦးမြို့နယ်အတွင်း အချို့သော အခွင့်အရေးသမား ရာဇဝတ်ဂိုဏ်းများ၏ ကျူးလွန်မှုများသည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရုံမျှမက တော်လှန်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသဖြင့် NUG အစိုးရ၏ ဂုဏ်သိက္ခာနှင့် ပြည်သူလူထု ဘေးကင်းလုံခြုံရေးအတွက် တော်လှန်ရေးအမည်ခံကာ ပြည်သူအပေါ် ရာဇဝတ်မှုကျူးလွန်နေသူ မည်သူ့ကိုမဆို တည်ဆဲဥပဒေများ၊ စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် အစိုးရ၏ လမ်းညွှန်ချက်များကို ဖောက်ဖျက်ပြီး ပြည်သူကို ဒုက္ခပေးနေသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်မှန်သမျှသည် စစ်အာဏာရှင်နည်းတူ တော်လှန်ရေးနှင့် ပြည်သူလူထု၏ ဘုံရန်သူသာဖြစ်သဖြင့် ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ဟု ညောင်းဦးပကဖက အသိပေးထားသည်။

ဆက်လက်ပြီး မြေပြင်တွင် တရားဥပဒေစိုးမိုးရေးအတွက် စည်းကမ်းမဲ့ ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းဖမ်းဆီးသည့်အခါ မိဘပြည်သူများအနေဖြင့် တော်လှန်ရေးအဖွဲ့အချင်းချင်း တိုက်ခိုက်ခြင်း မဟုတ်ဘဲ ပြည်သူအပေါ် ပြစ်မှုကျူးလွန်သည့် ရာဇဝတ်ကောင်များကို အရေးယူခြင်း ဟုသာ သဘောပေါက်နားလည်ပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။