R2P ဖြင့် မြန်မာပြည်သူများကို အကာအကွယ်ပေးရန် သံအမတ်ကြီးတောင်းဆို၊ ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရန်လည်း တိုက်တွန်း

By MPA

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာနှင့် အနာဂတ်ကို ကယ်တင်ရန် နိုင်ငံတကာ အသိုက် အဝန်း၏ R2P အကောင်အထည်ဖော်မှုသည် ကြာမြင့်စွာ နှောင့်နှေးနေပြီဖြစ်ရာ ယခုအချိန်သည် လုပ်ဆောင်ရမည့် အချိန် ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြား လိုက်သည်။

အကာအကွယ်ပေးရန် တာဝန်ရှိမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူမျိုးစုသန့်စင် ရေးနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကာကွယ် တားဆီးရေးဆိုင်ရာ ခေါင်း စဉ်ဖြင့် ဇူလိုင်၆ရက်က ကျင်းပသည့် R2P ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြား သည်။

ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှု (R2P) ကို ၂၀၀၅ ခုနှစ် ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီးညီလာခံ၌ အတည်ပြုခဲ့ကြောင်း၊ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်သည် သက်ဆိုင်ရာ နိုင်ငံတွင် တာဝန်ရှိသော်လည်း နိုင်ငံတစ်နိုင်ငံသည် အဆိုပါတာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက် သည့်အခါ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မျက်ကွယ်ပြုနေ၍မရဘဲ အားနည်းချိနဲ့သော ပြည်သူ များကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ တာဝန်ယူ ဆောင်ရွက်သင့်ကြောင်း သံအမတ်ကြီးက ပြောသည်။

ထိခိုက်ခံစားနေရသည့် ပြည်သူများကို ကာကွယ်ရေး၊ ရာဇဝတ်မှုကျူးလွန်သူများကို တာဝန်ခံမှုရှိ စေရေးနှင့် ပြစ်မှုကျူးလွန်ခံရသူများအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေးတို့ သည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေပြီး အပြန်အလှန် အားဖြည့်ပေးနေသည့်ကိစ္စများ ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအနေဖြင့် ပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးရေး တရားစွဲအရာရှိက တင်သွင်းလျှောက်ထားမှုအပေါ် အလေးအနက်ထား ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်းလည်းသံအမတ်ကြီးက ဆိုသည်။

တရားမဝင်အာဏာသိမ်းမှုဖြစ်ပွားချိန်မှ ၅နှစ်ကျော်ကြာသည့်တိုင် နိုင်ငံတကာအသိုက်အဝန်းသည် အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) အပါအဝင် သံတမန်နည်းလမ်း၊ လူသားချင်း စာနာမှုဆိုင်ရာ နည်းလမ်းနှင့် အခြားငြိမ်းချမ်းသော နည်းလမ်းများဖြင့် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန် နည်းလမ်း များရှာဖွေကြိုးပမ်းခဲ့သော်လည်း လက်ရှိမြေပြင်အခြေအနေများက ထိုအစီအမံများသည် လုံးဝမလုံလောက်ကြောင်း ထင်ရှားစွာ သက်သေပြနေကြောင်း ထို့ကြောင့် ထိခိုက်နစ်နာနေသည့် ပြည်သူများကို ကာကွယ်ရေးအတွက် နောက်ဆက်တွဲ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန်နှင့် စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးနိုင်သော ပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဆင်းနေမှုကို ရပ်တန့်ရေးတို့အပါအဝင် နိုင်ငံတကာအသိုက် အဝန်း၏ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ မဖြစ်မနေ လိုအပ်နေကြောင်း သံအမတ်ကြီးက ထောက်ပြ သည်။

ဆက်လက်ပြီး သံအမတ်ကြီးက နိုင်ငံတကာအသိုက်အဝန်းသည် စစ်အုပ်စု ဆက်လက်ကျူးလွန် နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို မျက်ကွယ် ပြု၍ သို့မဟုတ် တိတ်ဆိတ်စွာ ပူးပေါင်းပါဝင်သူအဖြစ် ရှိမနေသင့်တော့ကြောင်း၊ မည်သည့်နိုင်ငံမဆို စစ်အုပ်စုနှင့် မဆင်မခြင်ဆက်ဆံရေးများပြုလုပ်ခြင်းဖြင့် ၎င်းတို့၏ ဆက်လက်ကျူးလွန်နေသော ရာဇဝတ်မှုများတွင် သွယ်ဝိုက်၍ ပါဝင်ပတ်သက်မှု မလုပ်သင့်ကြောင်းနှင့် ယင်းသို့ဆောင်ရွက်မှုများ သည် မြန်မာ့သမိုင်းတွင် ကျန်ရှိနေမည်ဖြစ်ပြီး မြန်မာပြည်သူများအနေဖြင့် နာကြည်းခါးသီးစွာ အမြဲ အမှတ်ရနေကြမည်ဖြစ်ကြောင်းလည်း ပြောသည်။


ဓာတ်ပုံ- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။