ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းနှင့် ဗဟိုလမ်းဝန်းကျင်တွင် လမ်းသွားလမ်းလာ လူငယ်များကို ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်သတင်းပေးဆိုသူများက ဖုန်းများစစ်ဆေးခြင်း၊ ငွေညှစ်ခြင်းနှင့် ပရဟိတလူနာတင်ယာဉ်ကို အသုံးပြုကာ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။
လွန်ခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက လှည်းတန်းဘူတာ ပလက်ဖောင်းပေါ်တွင် ထိုင်နေသည့် လူငယ်နှစ်ဦးအား ရဲသတင်းပေးဟု လူသိများသည့် ကုလား(ခ) ထက်နောင်(ခ) နောင်နောင် ဆိုသူနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဖုန်းများကို အတင်းအဓမ္မ လုယူစစ်ဆေးခဲ့ကြောင်း ဖြစ်စဉ်သိရှိထားသူများ၏ ပြောကြားချက်အရ သိရသည်။
ထို့နောက် ၎င်းလူငယ်နှစ်ဦးအား “ရတနာအောင်” ပရဟိတအသင်းပိုင် လူနာတင်ယာဉ်ပေါ်သို့ အတင်းအဓမ္မ တင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ အဆိုပါ “ရတနာအောင်” ပရဟိတအသင်းပိုင် လူနာတင်ယာဉ် အဖြူတစ်စီးနှင့် အမည်းတစ်စီးသည် ကမာရွတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးအသစ်တွင် အခြေပြုထားပြီး၊ လူမရိပ်မိစေရန် ပရဟိတယာဉ်များကို အကာအကွယ်ယူကာ ညနေစောင်းနှင့် ညပိုင်းအချိန်များတွင် လူငယ်များကို ဖမ်းဆီးရန် ၄ ကြိမ်ထက်မနည်း အသုံးပြုခဲ့ကြောင်း သိရသည်။
“သူတို့က ပရဟိတကားနဲ့ဆိုတော့ ဘယ်သူမှ မရိပ်မိဘူး။ လမ်းပေါ်မှာ လူနာတင်ကား ဥဩဆွဲလာရင် လူနာပါလို့ ထင်ပြီး လမ်းဖယ်ပေးကြတာလေ။ အခုတော့ အဲဒီလူနာတင်ကားတွေကို အကာအကွယ်ယူပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းနေကြတာ။ ကားထဲကို အတင်းဆွဲထည့်သွားတာ မျက်မြင်ပဲ။ ပြည်သူအချင်းချင်း ကူညီဖို့ လုပ်ထားတဲ့ ပရဟိတကားတွေကို ဒီလို ဖမ်းပွဲတွေမှာ အသုံးချတာ စက်ဆုပ်ဖို့ တကယ်ကောင်းပါတယ်” ဟု လှည်းတန်းဝန်းကျင်တွင် နေထိုင်သည့် လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့ပြင် ဇူလိုင်လ ၂ ရက်နေ့ကလည်း ဗဟိုလမ်းရှိ ဆိုက်ကားဂိတ်အနီးတွင် အလုပ်ပြန်လာသည့် လူငယ်တစ်ဦးအား ဖုန်းစစ်ဆေးကာ ပိုက်ဆံအိတ်အတွင်းမှ ငွေကြေးများကို နှိုက်ယူငွေညှစ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါလုပ်ရပ်များကို မြို့နယ်ရဲမှူး၊ စခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင် လှမျိုး တို့၏ ညွှန်ကြားချက်ဖြင့် ၎င်းတို့၏ လက်အောက်ခံ ရဲသတင်းပေး ထက်နောင်နောင် က ဦးဆောင်ကာ ရဲအယောင်ဆောင်၍ ဆိုင်ကယ်ဖြင့် လှည့်လည်ကာ ငွေညှစ်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်နေ အရွယ်ရောက်သားနှစ်ဦးမိခင်ကလည်း “ရန်ကုန်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ အတော်လေးစိုးနေလို့ သားတွေကို စိုးရိမ်နေရတယ်။ နေ့တိုင်း ဘယ်ကလေး ဘယ်လိုပျောက်သွားလဲဆိုတာ နားစွင့်ရတာအမောပဲ” ဟု ၎င်း၏စိုးရိမ်ချက်ကို ဖွင့်ဟပြောဆိုသည်။
လက်ရှိတွင် စစ်အုပ်စုဝင်များသည် စစ်မှုထမ်းဥပဒေအတွက် လူအင်အား လိုအပ်ချက်အရ လမ်းပေါ်တွင် ဖမ်းဆီးရုံသာမက ဧည့်စာရင်းစစ်ဆေးခြင်း အကွက်ဆင်၍ အဓမ္မဖမ်းဆီးမှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံလူငယ်လူရွယ်များအကြား သွားလာလှုပ်ရှားရာတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။
