Y12 ဗုံးကြဲလေယာဉ်နှင့် ဒရုန်းတို့၏ အကာအကွယ်ဖြင့် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်ရေယာဉ်အုပ်စုသည် ကနီမြို့မှ ယနေ့နံနက်ပိုင်း၌ ထွက်ခွာခဲ့ကြောင်း သိရသည်။
ယနေ့(ဇူလိုင်၇ရက်)နံနက် ၆နာရီကျော်တွင် လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသော စစ်ရေယာဉ်အုပ်စုသည် တော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှု မခံရရန်အတွက် လေကြောင်း စောင့် ကြည့်အကာအကွယ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းနေ ပြည်သူ တစ်ဦးက ဆိုသည်။
“မနေ့ညက ကနီမြို့နားမှာ အဲဒီသင်္ဘောအုပ်စု ညအိပ်ကြတယ်။ဒီမနက်စောစော အပေါ်ကနေ Y12 ဗုံးကြဲလေယာဉ် ရောက်လာတယ်။ဒရုန်းလည်း လွှတ်တင်တယ်။ တော်လှန်ရေးဘက်က တိုက်ခိုက် တဲ့အသံ မကြားရဘူး။ထိရောက်မှုရှိတဲ့ တိုက်ခိုက်မှု လုပ်ဖို့လည်း မလွယ်ဘူး”ဟု ၎င်းက MPAသို့ပြော သည်။
ယင်းစစ်ရေယာဉ်အုပ်စုသည် မုံရွာမှ ထွက်ခွာလာကတည်းက ယခင်က တိုက်ခိုက်ခံခဲ့ရသော နေရာ များနှင့် ၎င်းတို့မသင်္ကာသောနေရာများသို့ သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ရမ်းပစ်ခဲ့ရာ မြစ်နှစ်ဖက် ကမ်းနံဘေးရှိ ကျေးရွာများမှ ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။
“အရင်တုန်းက သင်္ဘော၃၀လောက် ဆန်တက်လာဖူးတယ်။အခုဒီတစ်ခေါက်ကတော့ အများဆုံးပဲ။ သင်္ဘောပေါ် တင်လာတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေက ဘယ်အတွက်လဲတော့ မသိသေးဘူး။ က လေး၊ကလေးဝ လမ်းကြောင်းအတွက်လား၊ ဟုမ္မလင်းဘက်ပို့မှာလားပေါ့”ဟု ၎င်းက ဆက်လက် ပြောသည်။
ချင်းတွင်းမြစ်အတွင်း ရေပြည့်နေချိန်ဖြစ်၍ နေ့ခင်းအချိန်၌ မင်းကင်းသို့ ယင်းစစ်ရေယာဉ်အုပ်စု ရောက်ရှိနိုင်ကြောင်း သိရသည်။
